အပူဖု၊ နှင်းခူအပါအဝင် အရေပြားပေါ်အနီစက်တွေဖြစ်နိုင်တဲ့ အကြောင်းအရင်းများစွာရှိပါတယ်။ ဗိုင်းရပ်စ် သို့မဟုတ် ဘက်တီးရီးယားပိုးဝင်ခြင်းကဲ့သို့ ပိုမိုပြင်းထန်တဲ့အခြေအနေတွေကြောင့်လည်း အရေပြားပေါ် အနီစက်တွေဖြစ်ပေါ်နိုင်သလို ဓာတ်မတည့်ခြင်း၊ အပူနဲ့ထိတွေ့ခြင်းတွေကြောင့်လည်း အနီစက်တွေ ဖြစ်စေနိုင်တာပါ။ အရေပြားအဖုအပိန့်တွေဟာ အရွယ်အစား၊ အရောင်အသွေးနဲ့ အသွင်အပြင်အမျိုးမျိုးဖြင့် ဖြစ်ပေါ်တတ်ပြီး အရေးပေါ်ကုသမှုခံယူဖို့တော့ မလိုအပ်ပါဘူး။ တချို့သောအင်ပျဉ်တွေဟာ ခြောက်ပတ်ထက်ပိုပြီး ကြာရှည်နိုင်ပြီး လ သို့မဟုတ် နှစ်တွေအထိ ဖြစ်နိုင်ပါတယ်။ ဒါကို နာတာရှည်အင်ပျဉ်လို့ခေါ်ပြီး စမ်းသပ်စစ်ဆေးမှုတွေ ပြုလုပ်ပြီးသည့်တိုင်အောင် အကြောင်းအရင်းကို မဖော်ထုတ်နိုင်ဘူးဆိုရင်တော့ ဒီအခြေအနေကို chronic idiopathic urticarial လို့ခေါ်ပါတယ်။ နာတာရှည်အင်ပျဉ်တွေဟာ သင့်အရေပြားပေါ်တွင် အနည်းဆုံးတစ်ပတ်လျှင်နှစ်ကြိမ်ခန့် ယားယံခြင်း၊ ကြီးလာခြင်း၊ အနီကွက်တွေ သို့မဟုတ် အစင်းရာတွေဖြစ်ပေါ်ခြင်းမျိုး ဖြစ်တတ်ပါတယ်။ ဒါတွေဟာ ခြောက်ပတ်ထက်ပိုကြာတဲ့အခါမှာတော့ ဒါကိုနာတာရှည်လို့ ခေါင်းစဉ်တပ်နိုင်ပါတယ်။ အင်ပျဉ်နဲ့ သွေးကြောတွေရောင်ရမ်းခြင်းဟာ တစ်ပြိုင်နက်တည်းဖြစ်ပေါ်နိုင်ပြီး ရောင်ရမ်းခြင်းဟာ တစ်သျှူးရဲ့နက်ရှိုင်းတဲ့အလွှာတွေအထိ ဖြစ်နိုင်ပါတယ်။ ရောင်ရမ်းမှုက သင့်မျက်နှာ၊ နှုတ်ခမ်း၊ လည်ချောင်း၊ လက်၊ ခြေထောက်နဲ့ လိင်အင်္ဂါတွေအထိ ထိခိုက်နိုင်ပါတယ်။ ဒီအခြေအနေမျိုးဟာ လူတွေရဲ့ 5% တွင် ဖြစ်ပေါ်တတ်ကြပြီး ဒါကအသက်အရွယ်နဲ့ ကျားမမရွေးဖြစ်ပေါ်နိုင်ကာ အထူးသဖြင့် အသက် 30 မှ 50 အတွင်း အမျိုးသမီးတွေမှာ ပိုအဖြစ်များတာ ဖြစ်ပါတယ်။

နာတာရှည်အင်ပျဉ်ဖြစ်ပေါ်ခြင်းကို အကြောင်းအရင်းအတိအကျ မသိကြရသေးပေမဲ့ ရှားရှားပါးပါးဆေးဝါးဓာတ်မတည့်ခြင်း သို့မဟုတ် အစားအစာဓာတ်မတည့်ခြင်းတွေကြောင့် ဖြစ်နိုင်တာပါ။ အဖြစ်အများဆုံး ဓာတ်မတည့်ခြင်းအကြောင်းအရင်းကတော့ သင်ပုံမှန်စားသောက်နေကျအရာကြောင့် ဖြစ်နိုင်ပြီး အခြားသောဓာတ်မတည့်မှုအမျိုးအစားတွေကလည်း နာတာရှည်အင်ပျဉ်ကို ဖြစ်စေနိုင်တာ ဖြစ်ပါတယ်။ တချို့သောလူတွေက အပူ၊ အအေး သို့မဟုတ် ကိုယ်လက်လှုပ်ရှားမှုကြောင့် ခန္ဓာကိုယ်အပူချိန်တွေ လျင်မြန်စွာပြောင်းလဲတဲ့အခါတွင် နာတာရှည်အင်ပျဉ်တွေ ဖြစ်ပေါ်လာတတ်ပါတယ်။ တင်းကျပ်တဲ့အဝတ်အစားတွေ သင့်အရေပြားပေါ်ဖိအားများခြင်းကလည်း ဒီအခြေအနေကို ဖြစ်ပေါ်စေနိုင်တာပါ။ နာတာရှည်အင်ပျဉ်တွေရဲ့ လက္ခဏာရပ်တွေက သင့်အရေပြားပေါ်ရှိအနီဖုတွေဟာ နာကျင်ခြင်း သို့ ကိုက်ခဲခြင်း၊ အနီစက်ကိုဖိလိုက်တဲ့အချိန်မှာ သူ့ရဲ့အလယ်ဗဟိုက အဖြူရောင်ပြောင်းသွားခြင်း၊ အရေပြားယားယံခြင်း၊ ရောင်ရမ်းခြင်းတို့ဖြစ်ပါတယ်။

အရေပြားယားယံမှုကို သက်သာစေရန်နဲ့ ရောင်ရမ်းမှုကိုသက်သာစေရန်အတွက် anti-itch cream လိမ်းပေးခြင်း၊ အအေးခံထားတဲ့ အဝတ်အစား သို့ ရေခဲအိတ်ကပ်ပေးခြင်း၊ ရေအေးအေးဖြင့် ရေချိုးခြင်း၊ ခြောက်သွေ့တဲ့အသားအရေကို အစိုဓာတ်ဖြည့်ရန် hypoallergenic lotions သို့ cream လိမ်းပေးခြင်း၊ အသားအရေကို မထိခိုက်စေတဲ့ နူးညံ့တဲ့ချည်နဲ့ပြုလုပ်ထားတဲ့ ချောင်ချောင်ချိချိအဝတ်အထည်တွေ ဝတ်စားခြင်းမျိုး ပြုလုပ်သင့်ပါတယ်။ စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုတွေက အရေပြားရောဂါကို ပိုဆိုးရွားစေနိုင်တာကြောင့် တရားထိုင်ခြင်း၊ အသက်ရှူလေ့ကျင့်ခန်းနဲ့ ယောဂလိုမျိုး စိတ်ဖိစီးမှုကိုသက်သာစေမဲ့နည်းလမ်းတွေက ကူညီပေးနိုင်ပါတယ်။ ဒီနာတာရှည်အင်ပျဉ်တွေဖြစ်ပေါ်ခြင်းဟာ အချိန်တစ်ခုအထိကြာနိုင်ပေမဲ့ နောက်ဆုံးမှာတော့ ပျောက်ကင်းသွားမှာပဲ ဖြစ်ပါတယ်။