ဒီထူးခြားတဲ့ဇာတ်လမ်းလေးက တစ်ကိုယ်တည်းဖြစ်မှုကိုရင်ဆိုင်ရချိန်တွင် အသက်ရှင်ရပ်တည်နိုင်မှုနဲ့ လိုက်လျောညီထွေဖြစ်အောင် နေထိုင်နိုင်တဲ့ လူသားစွမ်းရည်ရဲ့ သက်သေပြချက်တစ်ခုပဲ ဖြစ်ပါတယ်။ အသက် 49 နှစ်အရွယ် Ho Van Lang ဆိုသူဟာ ဖခင်ဖြစ်သူ Ho Van Thanh နဲ့ အစ်ကိုဖြစ်သူ Tri တို့နဲ့အတူ ဗီယက်နမ်တောနက်အတွင်း 41 နှစ်ကြာ နေထိုင်ခဲ့တာဖြစ်ပါတယ်။ Ho Van Thanh ဟာ ဇနီးနဲ့ သူ့ရဲ့တခြားကလေးနှစ်ယောက်ကို ဆုံးရှုံးလိုက်ရပြီးနောက် ခေတ်မီလူ့အဖွဲ့အစည်းမှထွက်ခွာရန် ဆုံးဖြတ်ခဲ့ပြီး သူတို့ရဲ့တောတွင်းဘဝနေထိုင်မှု ခရီးစဉ်ကို 1972 ခုနှစ်တွင် စတင်ခဲ့ပါတယ်။ သူတို့ရဲ့တောတွင်းဘဝ ဆယ်စုနှစ်လေးခုကာလတွင် လူငါးဦးမျှနဲ့သာ ကြုံတွေ့ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။ လွန်ခဲ့တဲ့ဆယ်စုနှစ်မှာတော့ သူတို့သုံးယောက်ဟာ ဗီယက်နမ်နိုင်ငံ Tay Tra ဒေသတွင် သူတို့ရဲ့သီးသန့်နေထိုင်မှုခရီးစဉ်ကို အဆုံးသတ်ခဲ့ကြပါတယ်။ မမျှော်လင့်ဘဲ အမျိုးသမီးတွေနဲ့ ပထမဆုံးအကြိမ်ဆုံတွေ့ခဲ့တဲ့ Ho Van Lang ဟာ ရွာကိုခေါ်ဆောင်သွားခြင်း ခံခဲ့ရပါတယ်။ ဒါပေမဲ့ သူက ဒီကမ္ဘာပေါ်မှာ မိန်းမတွေရှိနေတယ်ဆိုတာကို မသိခဲ့ပါဘူး။ အံ့သြစရာကောင်းတာက သူ့ရဲ့ဖခင် Ho Van Thanh က သားဖြစ်သူကို အမျိုးသမီးတွေရဲ့အကြောင်းကို တစ်ခါမှမရှင်းပြခဲ့ဖူးတာ ဖြစ်ပါတယ်။ Ho Van Lang ဟာ အမျိုးသားနဲ့ အမျိုးသမီးကြား ကွာခြားချက်တွေကို အခြေခံနားလည်မှုအားနည်းနေခဲ့တာ ဖြစ်ပါတယ်။


Docastaway ရဲ့အဆိုအရ Lang ဟာ နည်းလမ်းအမျိုးမျိုးဖြင့် ဝမ်းစာအတွက် အမဲလိုက်နိုင်ပြီး တောထဲတွင်တစ်ယောက်တည်းရှင်သန်နိုင်တဲ့ ထူးထူးခြားခြားရှင်သန်မှုစွမ်းရည်တွေကို ပိုင်ဆိုင်ထားတယ်လို့ ဆိုပါတယ်။ သူ့ရဲ့အစားအသောက်တွေက သစ်သီးတွေ၊ ပျားရည်၊ မျောက်တွေ၊ မြွေတွေ၊ အိမ်မြှောင်တွေနဲ့ ဖားတွေပါဝင်ပြီး ကြွက်ခေါင်းကို အကြိုက်ဆုံးလို့ ဆိုပါတယ်။ Lang ဟာ တစ်သက်လုံး တောထဲမှာသာနေခဲ့ရတာကြောင့် အခြေခံလူမှုရေးသဘောတရားများစွာကို နားမလည်ပါ။ “ကျွန်တော်က Lang ကို တစ်ယောက်ယောက်ကို အန္တရာယ်ပြုခိုင်းရင် သူဒါကို ပြင်းပြင်းထန်ထန် လုပ်မှာပါ Lang က ကလေးပဲ သူဘာမှမသိဘူး လူတော်တော်များများက ကောင်းတာဆိုးတာကို ခွဲခြားသိပေမဲ့ ကျွန်တော့်ညီကတော့ မဟုတ်ဘူး” ဟု အစ်ကိုဖြစ်သူ Tri က ပြောပြခဲ့ပါတယ်။ Lang ရဲ့ တောတွင်းအပြင်ဘက် ပထမဆုံးနှစ်တွေဟာ စိန်ခေါ်မှုတွေရှိခဲ့ပေမဲ့ အခုတော့ သူ့ရဲ့ဘဝသစ်မှာ ပျော်ရွှင်စွာ လိုက်လျောညီထွေဖြစ်နေပါတယ်။ ဒါပေမဲ့ ဖခင်ဖြစ်သူ Ho Van Thanh ကတော့ ပုံမှန်ဘဝသို့ပြန်သွားရန် အရမ်းကိုကြောက်ရွံ့နေသေးတာဖြစ်ပြီး တစ်နေ့တွင် တောထဲပြန်သွားမဲ့မျှော်လင့်ချက် ရှိနေတာဖြစ်ပါတယ်။ လက်ရှိမှာတော့ Lang ရဲ့ခရီးစဉ်သစ်တွင် ဘဝကိုဆက်လက် စူးစမ်းနေခဲ့ပြီး ပိုသတ္တိရှိကာ ပိုပွင့်လင်းမြင်သာလာခဲ့တာပါ။
