တချို့လူတွေဆီကနေ အချစ်ခံရတာက တကယ့်ကိုကြောက်စရာကောင်းလွန်းပါတယ်။ မတူညီတဲ့ပုံစံတွေနဲ့ ချစ်ခြင်းကိုဖော်ပြတတ်ကြတဲ့ လူတွေထဲမှာ ကြောက်စရာအကောင်းဆုံးက သူတို့ကိုယ်သူတို့ ပိုချစ်တဲ့အတွက် တခြားသူကို လွတ်လပ်ခွင့်မပေးဘဲ တစ်ယောက်တည်းအပိုင်ရယူထားချင်တဲ့ အတ္တတွေလွှမ်းမိုးနေတဲ့ ချစ်ခြင်းပဲဖြစ်ပါတယ်။

‘Butterfly Trap’ ဆိုတဲ့ ဇာတ်ကားထဲမှာတော့ ဒီလိုကြောက်စရာကောင်းတဲ့ စိတ္တဇဆန်ဆန်ချစ်ခြင်းကို ပုံဖော်ထားတာပါ။ သူသဘောကျတဲ့လိပ်ပြာလေးတွေကို ဖန်ပုလင်းတွေထဲမှာ လှောင်ပိတ်သိမ်းထားတတ်တဲ့ အမျိုးသားတစ်ယောက်ဟာ မိန်းကလေးတစ်ယောက်ကို စိတ်ဝင်စားမိသွားချိန်မှာတော့ လိပ်ပြာလေးတွေလိုပဲ သူမကိုလှောင်ပိတ်ထားဖို့ ကြိုးစားပါတော့တယ်။ သူ့ရဲ့အိမ်ကြီးထဲမှာပဲ ဒီမိန်းကလေးကို ပိတ်လှောင်ထားခဲ့ပြီး ချစ်ခြင်းဆိုတဲ့ခေါင်းစဉ်အောက်မှာ အမျိုးမျိုးနှိပ်စက်မှုတွေကို ပြုလုပ်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ သူ့ဆီမှာနည်းလမ်းအမျိုးမျိုးနဲ့ နှိပ်စက်ခံနေရတဲ့ ဒီမိန်းကလေးက သူ့လက်ထဲကလွတ်မြောက်နိုင်ဖို့ ဘယ်လိုကြိုးစားသွားမလဲ၊ သူခုလိုဖြစ်နေရတဲ့နောက်ကွယ်မှာ ဘယ်လိုအကြောင်းအရာတွေ ရှိလို့နေလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။

‘Butterfly Trap’ မြန်မာဇာတ်ကားကို ဒါရိုက်တာဝိုင်းက ပုံဖော်ရိုက်ကူးထားတာဖြစ်ပြီး သရုပ်ဆောင်တွေအဖြစ် အကယ်ဒမီ ပြေတီဦးနဲ့ အကယ်ဒမီ ဖွေးဖွေးတို့က အဓိကပါဝင်ထားကြပါတယ်။ ဒီဇာတ်ကားကို https://www.viu.com/ott/mm/mya တွင် အခမဲ့ကြည့်ရှုနိုင်ပါတယ်။