ချမ်းသာလိုသူတွေဟာ ချမ်းသာသူတွေရဲ့အမူအကျင့်တွေကို လေ့လာမှတ်သားဖို့ သင့်ပါတယ်။ ဒါပေမယ့် အခုဖော်ပြမယ့် အကြောင်းအရာတွေက သင့်ကို မချမ်းသာစေနိုင်ဘူးဆိုရင်တောင် သင့်ကို လူချမ်းသာဖြစ်ဖို့ မခက်စေတဲ့ နည်းလမ်းတွေလို့ ညွှန်းဆိုချင်ပါတယ်။ အကြောင်းကတော့ ဒီလို အခြေခံအမူအကျင့်လေးတွေက သူတို့ကို ချမ်းသာတဲ့လူအဖြစ် တွန်းပို့ခဲ့တာမို့ပါ။
(၁) အိပ်ရာထချိန် မနက်(၆)နာရီထက် နောက်မကျဘူး

ချမ်းသာတဲ့သူတွေဟာ မနက်(၆)နာရီထက် အိပ်ရာထချိန် နောက်ကျလေ့မရှိပါဘူး။ ဒီလိုပြောလိုက်လို့ မနက်(၆)နာရီမတိုင်ခင် အစောကြီးထရင် လူချမ်းသာတစ်ယောက် ဖြစ်လာမယ်လို့ မဆိုလိုပါဘူး။ ဆိုလိုချင်တာက ကျိကျိတက် ချမ်းသာသူတွေဟာ အလွန်ကို ဇွဲ၊ လုံ့လ၊ ဝီရိယ ကောင်းပါတယ်။ ဒါဆိုရင် ဇွဲ၊ လုံ့လ၊ ဝီရိယ ကောင်းတယ်ဆိုရင် ချမ်းသာတဲ့သူ ဖြစ်နိုင်မလား … ? သေချာပေါက် ဖြစ်နိုင်ပါတယ်။ မှန်ကန်တဲ့ အခြေအနေမျိုးတွေမှာပေါ့လေ။
(၂) ပညာရနိုင်တဲ့အလုပ်မျိုးဆို မငြင်းဘူး
ချမ်းသာသူတွေဟာ သူတို့တစ်တွေ အခြေခံလူတန်းစားဘဝတုန်းက လုပ်ငန်းခွင်မှာဖြတ်သန်းခဲ့တဲ့ အမူအကျင့်ကောင်းတစ်ခု ရှိပါတယ်။ သူတို့ဟာ လစာထက် သူတို့ပညာရနိုင်မယ့်အလုပ်မျိုးဆိုရင် ငြင်းဆန်လေ့ မရှိပါဘူး။ သူတို့ပြန်လည် ခြေချဖို့စိတ်ကူးထားတဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေမှာ လစာနည်းသည်ဖြစ်စေ၊ ကျွမ်းကျင်အောင် ဝင်ရောက်လုပ်ကိုင်ကြလေ့ ရှိပါတယ်။ ဆိုတော့ သူတို့ဟာ နွမ်းပါးစဉ်တုန်းက ငွေကြေးတစ်ခုတည်းအတွက် အလုပ်လုပ်ခဲ့တာမဟုတ်ဘဲ၊ မြင့်မားတဲ့ အရင်းအနှီးကို ရအောင်ယူခဲ့တာလို့ မှတ်ယူရပါမယ်။
(၃) အခမဲ့ငှားလို့ရတဲ့အရာတွေဆို မဝယ်ဘူး

အလွန်ကျိကျိတက် ချမ်းသာတဲ့သူတွေဟာ ပိုက်ဆံကို မချမ်းသာခင်ကတည်းက စေ့စေ့စပ်စပ်သုံးလေ့ရှိပါတယ်။ ဥပမာအားဖြင့် သူတို့တစ်တွေဟာ အခမဲ့ပေါချောင်ကောင်း ရှာဖွေရာမှာ အလွန်ကို တော်သူတွေဖြစ်ပါတယ်။ ငွေကို မဖြစ်မနေ သုံးရမယ့်နေရာတွေမှာဆိုရင်လည်း မူလဈေးနှုန်းထက် ပေါပေါစားစား ရမယ့်အချိန်မျိုးကို စောင့်တတ်ပါတယ်။ ဖြစ်နိုင်ရင် အလကားရတယ်ဆိုရင် ငှားပြီးတောင် သုံးပါတယ်။ အလကားမရလို့ မဖြစ်မနေဝယ်ရမယ်ဆိုရင် ဈေးပေါင်ကျိုးချိန်၊ အရောင်းမြှင့်တင်ရေးအချိန်တွေကို ချောင်းနေတတ်ပါတယ်။
(၄) အရမ်းဈေးကြီးတဲ့ဆိုင်တွေဆို ယောင်လို့တောင် မကပ်ဘူး
ဆင်းရဲသူနဲ့ ချမ်းသာသူ ကွာခြားချက်မှာ ဒီအချက်လည်း ပါဝင်ပါတယ်။ တချို့တွေက အလွန်အဆင့်မြင့်တဲ့ ဟိုတယ်ကြီးတွေ၊ ဈေးအဆမတန်တင်ထားတဲ့ ဈေးဝယ်စင်တာကြီးတွေကို ဝယ်မှဝင်မှထွက်မှ လူချမ်းသာလို့အထင်ခံရမယ်ဆိုတဲ့ ဂုဏ်ဒြပ်ကို အလွန်မြတ်နိုးကြပါတယ်။ ဒါကတော့ လူတွေကြားမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့အရာပါ။ အရမ်းချမ်းသာတဲ့သူတွေကတော့ အဲဒီလိုနေရာမျိုးကို ဖြစ်နိုင်သမျှ ရှောင်ပါတယ်။ မဖြစ်မနေပွဲတွေအဖိတ်ခံရရင်၊ လုပ်ငန်းရင်းနှီးမြှုပ်နှံမှုအရ မဖြစ်မနေ ဟိုတယ်ကြီးတွေ ငှားရတဲ့အခါမျိုးတွေမှသာ အဲဒီနေရာတွေကို ရောက်လေ့ရှိပါတယ်။ သာမန်အားဖြင့်တော့ တစ်သောင်းတန်တဲ့ပစ္စည်းကို ဈေးဝယ်စင်တာတွေမှာ တစ်သောင်းခွဲသွားပေးမယ့်အစား၊ ကိုယ့်အနီးအနားက သာမန်အရောင်းဆိုင်တွေကိုသာ ဦးစားပေး ရှာဖွေလေ့ရှိပါတယ်။
(၅) အဆင့်မြင့်တဲ့ခရီးစဉ်တွေကို ရှောင်တယ်

တချို့ကတော့ တစ်ခါတလေ ခရီးသွားတာပါဆိုပြီး လေယာဉ်စီးရင်လည်း ဇိမ်ကျကျ တကယ့်လေကြောင်းလိုင်းတွေနဲ့၊ ကားစီးရင်လည်း တကယ့်ကို High Class နဲ့မှဆိုပြီး သွားလေ့ရှိပေမယ့် သိပ်ကိုချမ်းသာတဲ့သူတွေကတော့ ဈေးနှုန်းသင့်တင့်တဲ့ ဝန်ဆောင်မှုတွေကိုသာ ရွေးချယ်ကြပါတယ်။ ဒါက သာမန်အားဖြင့်ပါ။ အရမ်းချမ်းသာသူတိုင်း ကပ်စေးနှဲကော်တရာ ဖြစ်နေတာတော့ မဟုတ်ပေမယ့် သာမန်လူတွေထက်တော့ ငွေရေးကြေးရေးကို စေ့စေ့စပ်စပ် လုပ်ကြတာ သူတို့ချမ်းသာနေခြင်းရဲ့ အချက်တွေထဲကတစ်ခုပါ။
နတ်စည်တော် (Shwemom)