
လူတစ်ယောက်ကို ထူးခြားတယ်လို့ဆိုရာမှာ ဝိသေသတွေအများကြီးရှိနေပါတယ်။ ဆံပင်အရောင်၊ အရပ်အမြင့်၊ အသားအရည်အရောင်ကစလို့ ဖိနပ်ဆိုက်ဒ်အရွယ်အစားအထိ မျိုးစုံပါပဲ။ Unilad သတင်းအရ သိရတာက မျက်လုံးပြာပိုင်ရှင်တွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀၀၀ ကနေ ၁၀၀၀၀ ကြားက ဘိုးဘေးတွေဆီက ဗီဇအမွေအနှစ်ကိုရခဲ့တယ် ဆိုပါတယ်။
စာဖတ်သူတွေသိကြတဲ့အတိုင်း မျက်လုံးပြာပိုင်ရှင်တွေဟာ မျက်လုံးအညိုရောင်ပိုင်ရှင်တွေထက် ပိုပြီးရှားပါးပါတယ်။ အခုဆိုရင်တော့ သိပ္ပံပညာရှင်တွေက ၎င်း ဗီဇသန္ဓေပြောင်းခြင်းဟာ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက ဘိုးဘေးတွေဆီက ဆင်းသက်လာတာသာ ဖြစ်ကြောင်းဖော်ပြခဲ့ကြတာပါ။ ပညာရှင်တွေဟာ OCA2 ဗီဇကိုလေ့လာပြီး မျက်လုံးအရောင်ရဲ့အခြေခံကိုသိအောင် ကြိုးစားခဲ့တာဖြစ်ပါတယ်။

မျက်လုံးအပြာရောင်ပိုင်ရှင်တွေမှာတော့ OCA2 မရှိဘဲ လုံးဝကွဲပြားခြားနားတဲ့ HERC2 ဗီဇရှိနေတာကို တွေ့ခဲ့ရတာဖြစ်ပါတယ်။ ဒါကြောင့်လည်း သူတို့မျက်လုံးဟာ မွေးကတည်းက အပြာရောင်ဖြစ်လာတာပါ။ အခုလို သန္ဓေပြောင်းလဲခြင်းဟာ အာဖရိကနေ ဥရောပကို လူတွေပြောင်းရွှေ့လာတာကစပြီး ပြန့်နှံ့လာတာလို့ ယူဆရပါတယ်။
ဒီလေ့လာမှုကို ၂၀၀၈ ခုနှစ်မှာတွေ့ရှိခဲ့တာဖြစ်ပါတယ်။ Department of Cellular and Molecular Medicine က စာရေးသူ ပရော်ဖက်ဆာ Hans Eiberg ကတော့ Science Daily ကို အခုလိုပြောပါတယ်။

“ပုံမှန်ဆို ကျွန်တော်တို့မျက်လုံးက အညိုရောင်ပါ။ ဒါပေမဲ့ ကျွန်တော်တို့ ခရိုမိုဆုမ်းထဲက OCA2 ဗီဇကိုသက်ရောက်မှုမှာ ဗီဇပြောင်းလဲမှုတွေဖြစ်သွားတယ်။ သူက အပိတ်အဖွင့်လိုအလုပ်လုပ်ပါတယ်။ ဗီဇပြောင်းလဲမှုဖြစ်တော့ အညိုရောင်မျက်လုံးဖြစ်မယ့်ဗီဇဟာ ပိတ်သွားရော။ ဒီတော့ အပြာရောင်ပြောင်းသွားတယ်။ အစိမ်းရောင်မျက်လုံးကတော့ မျက်နက်ဝန်းမှာ မယ်လနင်ဓာတ်နည်းပါးလို့ဖြစ်တာပါ။ မျက်လုံးအပြာတွေရဲ့ လုပ်ဆောင်ပုံနဲ့မတူပါဘူး။ဒါကြောင့် မျက်လုံးပြာရှိတဲ့သူတွေဟာ တူညီတဲ့ဘိုးဘေးတစ်ခုတည်းကနေဆင်းသက်လာတယ်လို့ ကောက်ချက်ချနိုင်ပါတယ်။” လို့လည်း ပရော်ဖက်ဆာ Eiberg က ပြောပြခဲ့ပါတယ်။
ShweMom