အိမ်မှာ ကြောင်လေးတွေ မွေးထားတဲ့လူတွေဆိုရင် တစ်ခါတလေ အဲဒီအကောင်လေးတွေက ဘာလုပ်လို့လုပ်နေမှန်းမသိ ကြောင်တောင်တောင်နိုင်နေတဲ့ အခါမျိုးတွေ ရှိတယ်ဆိုတာ သိကြမှာပါ။ ဒါဆိုရင် ကြောင်လေးတွေရဲ့ အများဆုံး ပြုမူတတ်တဲ့ အပြုအမူတွေဟာ ဘာလို့လုပ်တာလဲ၊ ဘယ်လိုအဓိပ္ပာယ်တွေရှိနေလဲဆိုတာ ကြည့်လိုက်ကြရအောင်နော်။
ချောင်ကြိုချောင်ကြားကြိုက်ခြင်း
ဗူးခွံသေးသေးလေးတွေ၊ အိမ်ထောင့်တွေ၊ စားပွဲအောက်၊ ကုတင်အောက်တွေ၊ စောင်အောက်တွေမှာ ဝင်နေတယ်ဆိုရင် သူတို့ဟာ တစ်ခုခုကိုလန့်သွားလို့၊ ကြောက်နေလို့ဖြစ်နိုင်တဲ့အပြင် ဟိုးရှေးရှေးတုန်းက တောထဲမှာနေကြတဲ့အခါ သားရဲတွေရဲ့ရန်ကနေ ကာကွယ်ဖို့အတွက် ဂူတွေ၊ ကျောက်တုံးကြားထဲတွေမှာ အိပ်လေ့ရှိတဲ့အတွက် အခုအချိန်ထိ အကျင့်ပါပြီး အကြောင်းရင်းမရှိ လိုက်အိပ်နေတတ်ကြတာပါတဲ့။

နှာခေါင်းလေးနဲ့လာတို့ခြင်း
ကြောင်လေးတွေ တစ်ခါတလေကျရင် ရုတ်တရက်ကြီး သင့်ကိုနှာခေါင်းလေးနဲ့ လာတို့တာတို့၊ ခေါင်းထိုးပေးတာတို့လိုမျိုးရော ကြုံဖူးကြလားမသိဘူး။ ဒါဟာ သင့်ကို ချစ်တယ်လို့ပြောနေတာပါ။ သူတို့ရဲ့ ချစ်ခြင်းကိုပြတဲ့ အပြုအမူပေါ့။
ပစ္စည်းတွေလျှောက်ကိုက်တာ
တစ်ခါတလေ အိမ်က ပစ္စည်းတွေလျှောက်လျှောက်ကိုက်တာမျိုးဟာလည်း သူတို့ပျင်းနေလို့လည်းဖြစ်နိုင်သလို တစ်ခါတလေကျ စိုးရိမ်ပူပန်မှုကို ခံစားနေရလို့ ဒါမှမဟုတ် မအီမသာဖြစ်နေလို့ဆိုတာကို ပြနေပါတယ်တဲ့။

သခင်ကို ပစ္စည်းတွေ၊ အကောင်သေတွေ လာလာပေးခြင်း
ကြွက်သေတို့၊ ငှက်သေတို့အပြင် တိုလီမုတ်စပစ္စည်းတွေယူလာပေးခြင်းဟာ သူတို့ကို ကျွေးမွေးပြုစုစောင့်ရှောက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဆိုပြီး ပြောတာပါတဲ့။ ဒါပေမဲ့ တစ်ခါတလေကျရင်လည်း ကြောင်တွေစိတ်ထဲ အခုလိုလည်းထင်နေတတ်ကြတယ်တဲ့။ အဲဒါကတော့ လူတွေဟာ သူတို့လောက် အဖြစ်မရှိဘူးပေါ့၊ အဲဒါကြောင့် လူတွေအတွက် သူတို့က အစာကို ပင်ပင်ပန်းပန်း ရှာကျွေးနေရတယ်ဆိုပြီးတော့ပါတဲ့လေ။
ပစ္စည်းတွေတိုက်ချခြင်း
ပစ္စည်းတွေတိုက်ချတယ်၊ ပစ္စည်းတွေနဲ့ သွားပွတ်နေတယ်ဆိုရင်တော့ အဲဒါသင်တို့ရဲ့ attention ကို လိုချင်လို့ attention ရှာနေတာပါ။

ကြောင်မျက်လုံးရဲ့ အဓိပ္ပာယ်များ
ကြောင်လေးတွေ မျက်ဆံဟာ အလယ်တည့်တည့်မှာ စုပြီးတော့ ရှည်ရှည်မျောမျောနဲ့ ဗျတ်သေးနေမယ်ဆိုရင် သူတို့ဟာ ဒေါသထွက်နေလို့ ဒါမှမဟုတ် အချိန်ကောင်းကိုခံစားနေရလို့ ဒါမှမဟုတ် စိတ်လှုပ်ရှားနေလို့ဖြစ်ပါတယ်။ မျက်လုံးကြီး ဝိုင်းပြီး ပြူးနေတာကတော့ သင့်ကို ယုံကြည်တယ်ဆိုတာ ပြနေပြီးတော့ တစ်ဖက်မှာလည်း စိတ်ဝင်စားမှုနဲ့ပျော်ရွှင်မှုကို ပြနေပါတယ်တဲ့။ မျက်လုံးလေး စုံမှိတ်ပြီး နှုတ်ခမ်းက ပြုံးသယောင်ဖြစ်နေတယ်ဆိုရင်တော့ သင့်ကို အနမ်းပေးချင်နေတာပါတဲ့လေ။
တစ်နေရာတည်းကို ငူငူငိုင်ငိုင်ကြီး စိုက်ကြည့်နေခြင်း
သူတို့စိတ်ကိုသူတို့ ဒေါသထွက်လို့ ထိန်းချုပ်နေတာမျိုးလည်းဖြစ်နိုင်သလို သင့်ကိုစိုက်ကြည့်နေတယ်ဆိုရင်တော့ သင့်ကို ထိန်းချုပ်ပြီး ခိုင်းစားဖို့ သူတို့စိတ်ထဲ ကြံနေတာပါတဲ့။
penny