“ကျန်းမာရေးသည် လာဘ်ကြီးတစ်ပါး”ဆိုတဲ့ စကားအတိုင်း လူတိုင်းအတွက် ကျန်းမာရေးဟာ တော်တော်လေးကို အရေးကြီးပါတယ်။ ဒါ့ကြောင့်လည်း လူတော်တော်များများဟာ ကျန်းမာစွာ နေထိုင်နိုင်ဖို့အတွက် Gym တွေသွားပြီး အားကစားလုပ်တာတို့၊ မနက်စောစောထပြီး အပြေးလေ့ကျင့်တာတို့၊ ညနေခင်း လမ်းလျှောက်ထွက်တာတို့ကို ပြုလုပ်လေ့ ရှိပါတယ်။ ဒီလိုမျိုးတွေလုပ်နေရုံနဲ့ လူတစ်ယောက် ကျန်းမာနေပြီလို့ သင်ထင်ပါသလား။ အမှန်တော့ အပြည့်အဝ မကျန်းမာသေးပါဘူး။ လူတစ်ယောက်မှာ ခန္ဓာကိုယ် ကျန်းမာဖို့ထက် စိတ်ကျန်းမာဖို့လည်း အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ ခန္ဓာကိုယ် မကျန်းမာတာဟာ ကုသလို့ ရနိုင်တဲ့ နည်းလမ်းတွေ ရှိပေမယ့် စိတ်ကျန်းမာဖို့အတွက်ကတော့ ကိုယ်ကိုယ်တိုင် လုပ်ယူရတာ ဖြစ်ပါတယ်။

ပထမဦးဆုံး စိတ်ကျန်းမာစေဖို့အတွက်ကတော့ စာဖတ်ခြင်းပါပဲ။ စာဖတ်တယ်ဆိုတာဟာ ဘယ်လိုစာအုပ်မျိုးကိုဖတ်ဖတ်၊ ကိုယ့်ရဲ့ စိတ်အဟာရ ရရှိဖို့အတွက် ဖတ်တာသာ အကောင်းဆုံးပါပဲ။ နေ့စဉ်စာအုပ်တစ်အုပ်လောက် ပုံမှန်ဖတ်ပေးခြင်းကတော့ သင့်စိတ်အတွက် အကောင်းဆုံး အဟာရတစ်ခုပဲ ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ တရားထိုင်တာပါ။ နေ့စဉ်ရှင်သန်နေရတဲ့ လူ့ဘဝကြီးဟာ ပင်ပန်းလွန်းလှပါတယ်။ ကိုယ့်ခန္ဓာကိုယ်က ဘယ်လောက်ပဲ ကျန်းမာနေပါစေ စိတ်မကျန်းမာရင်တော့ အလကားပါပဲ။

တရားထိုင်တဲ့ အလေ့အကျင့်ဟာ ဘယ်လူမျိုး၊ ဘယ်ဘာသာမဆို လုပ်လို့ရတဲ့ အရာတစ်ခုပါ။ အနည်းဆုံး တစ်နေ့ကို ၁၅ မိနစ်ကနေ နာရီဝက်အတွင်း တရားထိုင်တာဟာ သင့်စိတ်သန့်ရှင်းဖို့နဲ့ ကျန်းမာဖို့အတွက် အကောင်းဆုံးနည်းလမ်းတစ်ခုပါပဲ။ နောက်ဆုံးပြောချင်တာတစ်ခုကတော့ ခရီးများများထွက်တဲ့ နည်းလမ်းပါပဲ။ နေ့စဉ်သားကျွေးမှု၊ မယားကျွေးမှု၊ မိသားစုကိစ္စတွေအတွက် လူတိုင်းလိုလို စိတ်ပင်ပန်းတတ်ပါတယ်။ အဲဒီလို ဘဝကြီးမှာပဲ မနေပဲနဲ့ တစ်နှစ်မှာ ၂ ခါလောက် ပုံမှန်လေး ခရီးထွက်ပါ။ ခရီးထွက်တဲ့ အချိန်မှာ မြင်တွေ့ရမယ့် တောင်တန်းကြီးတွေ၊ တိမ်တိုက်ကြီးတွေ၊ လယ်ကွင်းပြင်ကြီးတွေနဲ့ လတ်ဆတ်အေးမြတဲ့ သဘာဝတရားကြီးက သင့်စိတ်အတွက် အကောင်းဆုံး အစာအဟာရပါပဲ။
Pyi Hein Kyaw