တစ်ပတ်ကို လေးကြိမ် ငရုတ်နီ စားခြင်းဖြင့် ရုတ်တရက်နှလုံးဖောက် သေဆုံးမှု အန္တရာယ်ကို လျှော့ချနိုင်တယ်လို့ သိပ္ပံပညာရှင်တွေကဆိုပါတယ်။
ဒီတွေ့ရှိချက်ဟာ လူပေါင်း(၂၃၀၀၀)ကို သူတို့ရဲ့စားသောက်မှုစနစ်အား ပုံမှန်လေ့လာစမ်းစစ်ထားတဲ့ ရလဒ်ဖြစ်ပါတယ်။
ငရုတ်နီမကြာခဏစားသူဒါမှမဟုတ် တစ်ပတ်ကိုလေးကြိမ်စားသူတွေဟာ အရွယ်မတိုင်ခင် သေဆုံးနိုင်ခြေကိုလည်း လျော့ပါးစေတယ်လို့ Instituto Neurologico Mediterraneo Neuromed (IRCCS)မှ ပညာရှင်တွေရဲ့လေ့လာချက် အရသိရကြောင်း DailyMail သတင်းစာက ဖော်ပြခဲ့ပါတယ်။
ငရုတ်နီဟာ Capsaicin လို့ခေါ်တဲ့ယောင်ယမ်းခြင်းကိုတိုက်ဖျက်တဲ့ဓာတ်နဲ့ စပ်တဲ့အာနိသင်ရှိတာကြောင့် အခုလို အကျိုးကျေးဇူးကောင်းတွေရှိနေတာဖြစ်ပါတယ်။

ဒါပေမယ့် Pozzilliရှိ (IRCCS)မှသုတေသနပညာရှင်တွေက ငရုတ်သီးဟာ နှလုံးဖောက်မှုအတွက် အကျိုးရှိပေမယ့်၊ နှလုံးအတွက် အကျိုးရှိတယ်လို့တော့မပြောခဲ့ပါဘူး။
စမ်းသပ်ခံသူတွေက ငရုတ်နီပါတဲ့ အစားအစာတွေကို သူတို့ဘယ်လောက်စားကြောင်း ဥပမာ တစ်ခါမှမစားတာ၊ တစ်ခါတစ်ရံစားတာ၊ မကြာမကြာစားတာနဲ့အရမ်းစားတာဆိုပြီး ဖော်ပြခဲ့ပါတယ်။
ကမ္ဘာ့ကျန်းမာရေးအကောင်းဆုံးလို့ယူဆရတဲ့ မြေထဲပင်လယ်စားသောက်နည်းစနစ်ကို သူတို့ ဘယ်လောက်လိုက်နာခဲ့လဲဆိုတာအပေါ် အခြေခံပြီး ၊ တစ်ဦးချင်းစီရဲ့စားသောက်စနစ်ကို သုညကနေ ကိုးအထိ အစဉ်လိုက်စီခဲ့ပါတယ်။
မြေထဲပင်လယ်စားသောက်နည်းစနစ်ဆိုတာကတော့ အသီးအရွက်၊ အစေ့အဆံ၊ ပဲအမျိုးမျိုး၊ငါး၊ သံလွင်ဆီလိုအဆီဓာတ်တွေကို ကြွယ်ဝစွာစားသုံးတာဖြစ်ပြီးတော့၊ အသားကိုရံဖန်ရံခါစားပြီး၊ ဥအမျိုးမျိုးကို ကန့်သတ်စားသုံးခြင်းနည်းစနစ်ဖြစ်ပါတယ်။

နောက်ဆက်တွဲအနေနဲ့ အပေါ်က ရှစ်နှစ်ကြာလေ့လာခဲ့သူတွေထဲမှာ (၁၂၃၆)ဦးသေဆုံးခဲ့ပြီး၊ သေဆုံးသူ သုံးပုံတစ်ပုံဟာ ကင်ဆာနဲ့နှလုံးရောဂါတွေကြောင့်ဖြစ်ပါတယ်။
ငရုတ်သီးပုံမှန်စားသုံးမှုသူ (၂၄)ရာခိုင်နှုန်းရှိပြီးတော့ သုံးပုံတစ်ပုံဟာ လုံးဝမစားကြသူတွေပါ။
ပုံမှန်ငရုတ်သီးစားသုံးသူတွေဟာ ရုတ်တရက်နှလုံးဖောက်ပြီးသေဆုံးမယ့်အန္တရာယ် (၃၄)ကနေ(၄၀)ရာခိုင်နှုန်းအထိ လျော့ကျသွားခဲ့တာဖြစ်ပါတယ်။
Khaing Sandar