Depression ဆိုတာ စားဝတ်နေရေးကိစ္စတွေ၊ အချစ်ရေးဆိုင်ရာတွေ၊ ပညာရေးနဲ့ အလုပ် စတာတွေကြောင့် စိတ်ဖိစီးတာဖြစ်နိုင်သလို ကိုယ့်ရဲ့နေ့စဉ်အမူအကျင့်တွေကြောင့်လည်း depression ကို လက်ယပ်ခေါ်နေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒါဆိုရင် စိတ်ဓာတ်လည်း ကျစရာအကြောင်းရင်း မယ်မယ်ရရမရှိဘဲ depression ဖြစ်စေနိုင်တဲ့ နေ့စဉ်အမူအကျင့်တွေက ဘာတွေလဲဆိုတာ ကြည့်လိုက်ရအောင်။

အထိုင်ကြာခြင်း
တီဗီရှေ့မှာပဲဖြစ်ဖြစ်၊ အိမ်ထဲက ပက်လက်ကုလားထိုင်မှာပဲဖြစ်ဖြစ်၊ laptop ရှေ့မှာပဲဖြစ်ဖြစ် တစ်နေကုန်ထိုင်ရာကမထဘဲနေခြင်းဟာ သင့်ရဲ့ သွေးလေတွေကို လေးလံစေပါတယ်။ သွေးလှည့်ပတ်မှုမကောင်းတဲ့အတွက် ဦးနှောက်လုပ်ဆောင်မှုတွေကိုလည်း ထိုင်းမှိုင်းစေကာ လူက စိတ်ဓာတ်ကျသလိုလိုဖြစ်လာပါမယ်။ တစ်နေ့ကို ၁ နာရီလောက် လမ်းလျှောက်တာပဲဖြစ်ဖြစ်၊ လေ့ကျင့်ခန်းလုပ်တာပဲဖြစ်ဖြစ် လုပ်ပေးပါ။
ဦးနှောက် ဆာလောင်ခြင်း
ဆိုလိုတာ ဦးနှောက်အတွက် လိုအပ်တဲ့ ဖြည့်စွက်စာတွေဟာ ကိုယ်စားလိုက်တဲ့နေ့စဉ်အစားအသောက်တွေထဲ မပါတာ၊ နည်းနေတာမျိုးပေါ့။ ဗီတာမင် B လိုမယ်၊ ကလိုရင်းလိုမယ်၊ Omega-3 လိုမယ် စသဖြင့် ဗီတာမင်နဲ့ သတ္ထုဓာတ်တွေကို ပြည့်ဝစွာ စားပေးဖို့ လိုအပ်ပါတယ်။ အဆီအစိမ့်တွေချည်းစားနေရင်လည်း မဖြစ်ပြန်ဘူးလေနော်။

မြေအောက်ဂိုဏ်းသားဖြစ်နေခြင်း
နေရောင်ခြည်နဲ့ တစ်နေကုန် မထိတွေ့ဘဲ အခန်းထဲအောင်းနေတတ်တဲ့ လူမျိုးတွေမှာလည်း depression ဟာ အားတိုင်းဖြစ်ပေါ်လာတတ်ပါတယ်။ အိမ်ပဲဖြစ်ဖြစ် ရုံးပဲဖြစ်ဖြစ် လင်းလင်းထင်းထင်းရှိအောင်၊ နေရောင်ဝင်အောင်ထားပါ။ ကိုယ်တိုင်လည်း မနက်စောစောနေရောင်အောက်ထွက်ပြီး နေပူဆာလှုံပါ။
Insomnia ဖြစ်ခြင်း
အိပ်ရေးမဝတာတွေ၊ စောစောမအိပ်ဘဲ စောစောထရတာမျိုးတွေဟာ ဦးနှောက်ရဲ့လုပ်ဆောင်ချက်တွေကို မူမမှန်စေတော့ပါဘူး။ အရွယ်ရောက်ပြီးသားလူတစ်ယောက်ဟာ တစ်နေ့ကို ၈ နာရီအိပ်ပေးသင့်ပါတယ်။

တစ်ကိုယ်တည်းနေခြင်း
မိသားစုနဲ့လည်းမတွေ့၊ သူငယ်ချင်းတွေနဲ့လည်းမတွေ့ တစ်ယောက်တည်းနေပြီး တစ်နေ့တစ်နေ့ ဘယ်သူနဲ့မှတောင် စကားမပြောဖြစ်နေဘူးဆိုရင်လည်း သင်ဟာ depression ဖြစ်လာနိုင်ပါတယ်။
ပတ်ဝန်းကျင်နဲ့ အံဝင်ခွင်ကျမရှိခြင်း
လက်ရှိပေါင်းနေတဲ့ အပေါင်းအသင်းတွေနဲ့ ကိုယ်ဟာ အံဝင်ခွင်ကျမဖြစ်တဲ့အခါမှာလည်း depression ဝင်လာနိုင်ပါတယ်။ အဖြစ်တတ်ဆုံးကတော့ သူတို့သုံးသလောက် မသုံးနိုင်တာ၊ အလုပ်နဲ့ရာထူး ဝင်ငွေတွေ ကွာခြားတာ၊ ရုပ်ပိုင်းဆိုင်ရာမှာ ချို့တဲ့နေတာ ဒါတွေဟာ သင့်ကို စိတ်ဓာတ်ကျမှန်းမသိ ကျလာစေနိုင်ပါတယ်။