လူတစ်ယောက်မှာ ကိစ္စတစ်ခုကို စဉ်းစားရကျပ်တဲ့ အချိန်မျိုးတွေ၊ ဘယ်လောက်ပဲ စဉ်းစားစဉ်းစား အကြံဉာဏ်တွေ လုံးဝမထွက်လာတဲ့ အခါမျိုးတွေ၊ ခေါင်းတွေထူပူနေရတဲ့ အချိန်မျိုးတွေဆိုတာ ရှိတတ်ပါတယ်။ အဲဒီလို အချိန်မျိုးကို လူတော်တော်များများက ခေါင်းထဲမှာ ဦးနှောက်ခန်းသွားတယ်ဆိုပြီး တင်စားပြောဆိုလေ့ ရှိကြပါတယ်။ ဒါကတော့ လူတိုင်းမှာ ဖြစ်နိုင်တဲ့ ကိစ္စတစ်ခုပါပဲ။ စိုးရိမ်စရာတော့ မလိုပါဘူး။ ဒါ့ကြောင့် အခုပြောပြချင်တဲ့ အလေ့အကျင့်လေးတွေကတော့ ဦးဏှောက်က စဉ်းစားနိုင်စွမ်းတွေ မခမ်းသွားအောင်၊ တစ်နည်းအားဖြင့် အကြံအဉာဏ်အသစ်တွေ၊ အတွေးအခေါ်အသစ်တွေ အမြဲလိုလို ကွန့်မြူးနေအောင် လုပ်ပေးနိုင်မယ့် နည်းလမ်းလေး ၅ ခုပဲ ဖြစ်ပါတယ်။
၁။ အမြဲလိုလို စာဖတ်ပါ၊ သင်ယူဖို့ မပျင်းပါနဲ့

စာဖတ်တာဟာ အင်မတန်ကောင်းတဲ့ အလေ့အကျင့်တစ်ခုဆိုတာကိုတော့ လူတိုင်းသိပေမယ့် စာဖတ်ရမှာ ပျင်းကြတာလည်း လူတိုင်းနီးပါး ကိုယ့်ကိုယ်ကို သိကြပါတယ်။ စာတစ်ကယ်ဖတ်တဲ့လူတွေရဲ့ အပြောအဆိုတွေနဲ့ တွေးခေါ်ပုံတွေကို သေချာကြည့်ပါ။ စာဖတ်နေကျ လူတစ်ယောက်ရဲ့ တွေးခေါ်နိုင်စွမ်း၊ စကားအပြောအဆိုတွေက စာမဖတ်တဲ့လူတွေနဲ့ တော်တော်လေးကို ကွာခြားပါတယ်။ ဒါ့အပြင် စာအုပ်တွေဟာ သင်ယူဖို့ အကောင်းဆုံး အရာတစ်ခု ဖြစ်တယ်ဆိုတာကိုလည်း မေ့လို့မရပါဘူး။
၂။ သင်နေထိုင်ရာပတ်ဝန်းကျင်ကို ပြောင်းလဲပါ
ကိုယ်နေထိုင်တဲ့ ပတ်ဝန်းကျင် ဒါမှမဟုတ် ကိုယ်အလုပ်လုပ်တဲ့ ပတ်ဝန်းကျင်က နေချင်စရာလည်းမရှိ၊ အလုပ်မလုပ်ချင်လောက်အောင် ဖြစ်နေရင် ကိုယ့်ဘာသာကိုယ်ပြောင်လဲပါ။ ဥပမာ- ကိုယ်အလုပ်လုပ်နေတဲ့ နေရာဘေးပတ်ဝန်းကျင်မှာ သစ်ပင်သေးသေးလေးတွေ စိုက်တာတို့၊ ကြည့်လိုက်တာနဲ့ မျက်စိထဲအေးပြီး ရင်ထဲကို ငြိမ်းချမ်းစေမယ့် အရာလေးတွေပဲ ရွေးပြီးထားပါ။
၃။ ကိုယ့်ကိုယ်ကို အမြဲဆန်းစစ်ပြီး စိန်ခေါ်ပါ

ငါဒီနေ့ဘာတွေလုပ်ပြီးပြီလဲ၊ ငါဒီနေ့ဘယ်လိုအမှားလုပ်မိလဲ၊ ငါဘာဖြစ်အောင် ကြိုးစားမယ်၊ အဲဒီလိုတစ်ခုခုဖြစ်အောင်လို့ ငါဘာကို အရင်စလုပ်ရမလဲ အစရှိသဖြင့် ကိုယ့်ကိုယ်ကို မေးခွန်းထုတ်ဖို့ မပျင်းပါနဲ့။ ကိုယ့်ကိုယ်ကို အမြဲတမ်း challenge ဖြစ်နေမှ သူများတွေထက် ပိုပြီးတော့ ကိစ္စတိုင်းမှာ သာလွန်ကြတာပါ။
၄။ ပတ်ဝန်းကျင်ကို အတတ်နိုင်ဆုံး ဂရုမစိုက်ပါနဲ့
ကိစ္စတစ်ခုခုကို လုပ်တော့မယ်ဆိုရင် ပတ်ဝန်းကျင်က စကားတွေ၊ ဘေးစကားတွေကို နားထဲ လုံးဝမထည့်ပါနဲ့။ ကိုယ်လုပ်တဲ့ ကိစ္စကိုလည်း ကိုယ်ပဲ တာဝန်ယူနိုင်အောင်နေပါ။ ပတ်ဝန်းကျင်ကြောင့်၊ ဘာကြောင့်ညာကြောင့်နဲ့လည်း ဆင်ခြေပေးစရာ မလိုသလို ပတ်ဝန်းကျင်က စကားတွေကြောင့် ကိုယ်လုပ်ရမယ့် ကိစ္စတစ်ခုကို ချိတုံချိတုံဖြစ်ပြီး ကြောက်နေတာကလည်း တော်တော်ဆိုးပါတယ်။ ကြောက်တဲ့လူက နှစ်ခါပြန်သေတတ်ပါတယ်။
၅။ ကိစ္စတိုင်းကို ပြတ်ပြတ်သားသားဆုံးဖြတ်ချက်ချနိုင်အောင် လုပ်ပါ

ဘယ်ကိစ္စမဆိုမှာ ကိုယ့်ရဲ့ ဆုံးဖြတ်ချက်ကို ပြတ်ပြတ်သားသားနဲ့ ဆုံးဖြတ်ချက်ချနိုင်အောင်လုပ်ပါ။ ငါဒီလိုလုပ်လိုက်လို့ ဟိုလိုဖြစ်ရင် ဘယ်လိုလုပ်ရမလဲ၊ ဒီကိစ္စက ငါလုပ်လို့ ငါထင်ထားသလို ဖြစ်မလာခဲ့ရင် ဘယ်လိုလုပ်ရမလဲ အစရှိသဖြင့် မဖြစ်သေးတဲ့ ကိစ္စတစ်ခုကို တွေးပြီး ကြောက်မနေပါနဲ့။
Pyi Hein Kyaw