လူ့ဘဝဟာ အသက်တစ်ရာနေရဖို့ တော်တော်လေး ခဲယဉ်းပေမယ့် အမှု ၁၀၀ ကျော် ရင်ဆိုရပါတယ်။ အဲဒီအမှုတွေဟာ များသောအားဖြင့် ငွေရေးကြေးရေးကိစ္စတွေ၊ မိသားစုကိစ္စတွေ၊ လူမှုရေးကိစ္စတွေ၊ စီးပွားရေးကိစ္စတွေ အစရှိသဖြင့် ကိစ္စပေါင်းများစွာနဲ့ ရင်ဆိုင်ကြုံတွေ့တတ်တာ လူ့လောကရဲ့ သဘာဝတစ်ခုပါပဲ။ အဲဒီလို အခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့တဲ့ အခါမှာတော့ လူအများစုဟာ ကျော်လွှားဖို့ ခက်ခဲနေတတ်သလို တစ်ချို့ကျပြန်တော့်လည်း လုံးဝကို မကျော်လွှားနိုင်ပဲနဲ့ ကျရှုံးတတ်ကြပါတယ်။ ဒါ့ကြောင့် ဒီနေ့မှာတော့ လောကမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့တဲ့အခါမှာ ဘယ်လိုပုံစံမျိုးတွေနဲ့ ကျော်လွှားကြမလဲဆိုတဲ့ အကြောင်းလေးကို ပြောပြပေးချင်ပါတယ်။

ပထမဦးဆုံး ပြောချင်တာကတော့ ဘယ်အခက်အခဲနဲ့မဆို ရင်ဆိုင်ကြုံတွေ့လာတိုင်း အဓိကက စိတ်အေးအေးထားတတ်ဖို့ပါပဲ။ လူတော်တော်များများဟာ ဒုက္ခအခက်ခဲလေးတစ်ခုတွေ့တာနဲ့ သွေးပူပြီး အလောတကြီးဖြစ်တတ်ကြပါတယ်။ အဲဒီလို အချိန်မျိုးဆိုရင် အမှားလုပ်နိုင်ခြေက တော်တော်လေးကို များပါတယ်။ ဒါ့ကြောင့် ဘယ်လိုမျိုး အခက်အခဲနဲ့ ကြုံလာကြုံလာ၊ ပထမဦးဆုံးစိတ်ကို တည်ငြိမ်အောင်ထားပါ။
နောက်တစ်ခုကတော့ ပြသနာရဲ့ အကြောင်းအရင်းကို သေသေချာချာ တွေးတောပါ။ အဲဒီလိုအချိန်မျိုးမှာ ဘေးစကားတွေထက် ကိုယ့်ဦးနှောက်နဲ့ကိုယ် သေသေချာချာ စဉ်းစားပါ။ ဒါမှကိုယ့်ဆုံးဖြတ်ချက် မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ ကိုယ်နဲ့သာ သက်ဆိုင်တာပါ။ တစ်ခြားလူတစ်ယောက်ရဲ့ ဘေးစကားကြောင့် ကိုယ့်ဆုံးဖြတ်ချက် မှန်သွားခဲ့ရင်တော့ ကောင်းပါတယ်။ အကယ်လို့များ သူ့ရဲ့စကားတွေကြောင့် ကိုယ်ဆုံးဖြတ်တဲ့ ကိစ္စဟာ မှားသွားခဲ့ရင် မဆီမဆိုင် သူများကို အပြစ်တင်နေရမှာပါ။

နောက်ဆုံးတစ်ခုကတော့ အဲဒီဒုက္ခတွေ၊ ပြသနာတွေထဲက ပညာယူတတ်ဖို့ပါပဲ။ လူတော်တော်များများဟာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေတဲ့ အချိန်မှာသာ သွေးပူပြီး အဲဒီအခက်အခဲတွေကနေ လွတ်မြောက်သွားတဲ့ အချိန်မှာတော့ ပိုနေမြဲ၊ ကျားနေမြဲ ဖြစ်သွားတတ်ပါတယ်။ တစ်ကယ်တော့ အဲဒီလိုဖြစ်သွားတဲ့ အခက်အခဲပြသနာမျိုး နောက်တစ်ခါ ထပ်မဖြစ်တော့အောင် ဆင်ခြင်သင့်တာတွေ ဆင်ခြင်ရမှာ ဖြစ်သလို နောက်တစ်ခါ ဒီလိုပြသနာမျိုး ထပ်မဖြစ်အောင် ဘယ်လိုပြင်ဆင်ရမလဲဆိုတာတွေကို မေ့နေတတ်ပါတယ်။ ဒါ့ကြောင့် အခက်အခဲ ပြသနာ တစ်ခုခုဖြစ်ပြီးသွားတိုင်း အဲဒီပြသနာတွေထဲက ပညာယူပြီး နေထိုင်တတ်ရပါမယ်။
Pyi Hein Kyaw