လောကမှာ အရင်းနှီးဆုံး လူတစ်ယောက်ကို ပြောပြရမယ်ဆိုရင်တော့ ကိုယ်ရဲ့ အချစ်ဆုံးသူငယ်ချင်းလို့ပဲ ပြောရမှာပါ။ လူတိုင်းမှာ သူငယ်ချင်းတွေဆိုတာ ရှိတတ်ပေမယ့် ကိုယ်အခင်ရဆုံး၊ ကိုယ်အချစ်ရဆုံး သူငယ်ချင်းဆိုတာကတော့ တစ်ယောက်ပဲ ရှိပါတယ်။ အဲဒီလိုမျိုး ကိုယ့်အတွက် အချစ်ဆုံး သူငယ်ချင်းတစ်ယောက် ဖြစ်လာဖို့ဆိုတာကလည်း မလွယ်ကူပါဘူး။ ကိုယ်စိတ်အညစ်ဆုံး အချိန်တွေ၊ ဒုက္ခရောက်နေတဲ့ အချိန်တွေရောက်တိုင်း ကိုယ့်အနားမှာ ဆိုးတူကောင်းဖက် ရှိနေပေးတဲ့ လူကိုပဲ အချစ်ဆုံး သူငယ်ချင်းအဖြစ် သတ်မှတ်လေ့ ရှိကြတာပါ။ ဒါပေမယ့် အဲဒီလိုမျိုး ကိုယ့်ရဲ့ အချစ်ဆုံးသူငယ်ချင်းနဲ့ သဘောထားချင်း မတိုက်ဆိုင်တဲ့ အချိန်မျိုးတွေ၊ ရန်ဖြစ်တဲ့ အချိန်မျိုးတွေ ဆိုတာ ရှိတတ်ပါတယ်။ အဲဒီလိုအချိန်မျိုးကျရင် ကိုယ်ကလည်း သူ့ဖက်က စကားပြန်လာပြောမှာကို စောင့်နေတတ်သလို သူ့ဖက်ကလည်း ကိုယ်စကားလာပြောမယ့် အချိန်ကို စောင့်နေတာမျိုးတွေ ရှိတတ်ပါတယ်။

ဒီလိုနည်းနဲ့ပဲ အချစ်ဆုံးသူငယ်ချင်း နှစ်ယောက်ဟာ တစ်ယောက်နဲ့တစ်ယောက် ဝေးကွာသွားတတ်ပါတယ်။ ဒါ့ကြောင့် ဒီနေ့မှာတော့ အဲဒီလိုမျိုး ကိုယ်ရဲ့ အချစ်ဆုံးသူငယ်ချင်းတစ်ယောက်ကို ဆုံးရှုံးသွားရင် ဘယ်လိုလုပ်မလဲ ဆိုတာပါပဲ။ ပထမဦးဆုံး ပြောချင်တာကတော့ အချိန်တစ်ခု ပေးလိုက်ပါ။ ဘာကြောင့်လဲဆိုတော့ သူ့စိတ်ထဲ ဒါမှမဟုတ် ကိုယ့်စိတ်ထဲမှာ ဖြစ်သွားတဲ့ ဒဏ်ရာတစ်ခုကို ကုစားဖို့ အချိန်တစ်ခု လိုပါတယ်။ သတ်မှတ်ထားတဲ့ အချိန်တစ်ခုရောက်မှ သူ့ဖက်က စကားမပြောလည်း ကိုယ့်ဖက်က စကားစပြောပြီး အေးအေးဆေးဆေး တောင်းပန်လိုက်ပါ။

နောက်တစ်ခုကတော့ ကိုယ့်ရဲ့ အချစ်ဆုံးသူငယ်ချင်းနဲ့ ပတ်သတ်တဲ့ အကြောင်းကို စိတ်ထဲမှာပဲ ကြိတ်ပြီး မခံစားပါနဲ့။ မိသားစုဝင်တွေကို ဖွင့်ပြောပြပါ။ တိုင်ပင်သင့်ရင် တိုင်ပင်ပါ။ အဲဒီလိူမျိုး ပြုလုပ်ခြင်းက သင်တစ်ယောက်တည်း စိတ်ထဲမှာ ကြိတ်ပြီးခံစားနေတာထက် တော်တော်လေးကို စိတ်သက်သာရာရပါတယ်။ နောက်ဆုံးတစ်ခုကတော့ အဲဒီလိုဖြစ်လာတိုင်း ကိုယ်လုပ်စရာရှိတဲ့ အလုပ်တွေကို ဆက်လုပ်ပါ။ တစ်ချို့တွေက သူငယ်ချင်းဖြစ်သူနဲ့ ပတ်သတ်ပြီး တော်တော်လေး စိတ်ခံစားလွယ်ပါတယ်။ ဘယ်လောက်ပဲ ခံစားရပါစေ၊ ကိုယ်လုပ်စရာရှိတာတွေကိုတော့ ဆက်လုပ်ပါ။ လူတိုင်းဟာ တစ်ယောက်တည်း မွေးလာတာဖြစ်ပြီး ကိုယ်လုပ်မှ ကိုယ်ရမယ့် ခေတ်ကာလဖြစ်တာကြောင့် လုပ်စရာရှိတာတွေကိုပဲ ဆက်လုပ်ပါ။