ယုံကြည်ခြင်း အစွန်းတစ်ဖက် (Save Me) ကိုးရီးယားဇာတ်လမ်းတွဲတွင် မင်းသား Ok Taec-yeon, Woo Do-hwan, Jo Sung-ha, နဲ့ မင်းသမီး Seo Yea-ji တို့က အဓိကပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ 2017 ခုနှစ်က ထွက်ရှိခဲ့တဲ့ ဒီဇာတ်လမ်းတွဲကို ထုတ်လုပ်သူ Lee Jae-moon ရဲ့ကုမ္ပဏီဖြစ်တဲ့ Hidden Sequence မှ ပထမဆုံးရုပ်သံစီးရီးအဖြစ် ထုတ်လုပ်ထားခဲ့တာပါ။ ယုံကြည်ခြင်း အစွန်းတစ်ဖက် (Save Me) စီးရီးဟာ Jo Geum-san ရဲ့နာမည်ကြီး webtoon စီးရီးဖြစ်တဲ့ Out of the World ကို အခြေခံရိုက်ကူးထားတာလည်း ဖြစ်ပါတယ်။

ဇာတ်လမ်းပုံစံက Im Sang-mi နဲ့ သူမရဲ့မိသားစုဟာ ဖခင်ရဲ့လုပ်ငန်းတွေ ကျရှုံးသွားပြီးနောက် ဆိုးလ်မြို့ကနေ Muji County ဆင်ခြေဖုံးရပ်ကွက်လေးဆီသို့ ပြောင်းရွှေ့လာခဲ့ကြပါတယ်။ ဒီနေရာတွင် ဘာသာရေးကိုးကွယ်မှုတစ်ခုကို ယုံကြည်သက်ဝင်နေကြတဲ့ လူအများစုရှိလို့နေတာဖြစ်ပြီး တကယ်တမ်းမှာတော့ ဘာသာရေးကိုအကြောင်းပြကာ ငြိမ်းချမ်းတဲ့ဘုရားကျောင်းအသွင်ဆောင်ပေမယ့် မှောင်မိုက်တဲ့ လျှို့ဝှက်ချက်တွေ၊ ညှဉ်းပန်းနှိပ်စက်မှုတွေ၊ အကြမ်းဖက်မှုတွေနဲ့ လူသတ်မှုတွေအထိ နောက်ကွယ်တွင် ဆိုးရွားတဲ့အဖြစ်အပျက်တွေ ပုန်းကွယ်နေတာ ဖြစ်ကာ သစ္စာရှိနောက်လိုက်တွေကို လှည့်စားထားတဲ့ နေရာတစ်ခုသာ ဖြစ်ပါတယ်။
မွေးကတည်းက ခြေထောက်မသန်တဲ့ Sang-mi ရဲ့အမြွှာအစ်ကိုဖြစ်သူ Sang-jin ဟာ ကျောင်းတွင် အနိုင်ကျင့်နှိပ်စက်ခြင်းကို ခံခဲ့ရပြီး ကျောင်းအဆောက်အအုံပေါ်ကနေ ခုန်ချကာ သတ်သေခဲ့ပါတယ်။ Sang-mi ရဲ့မိသားစုဟာ အရမ်းကိုကြေကွဲဝမ်းနည်းမှုတွေကို ခံစားခဲ့ရပြီးနောက် သူမရဲ့မိခင်ဟာ အသိစိတ်လွတ်သလိုမျိုး ဖြစ်သွားခဲ့ပါတယ်။ သူမတို့ရဲ့ဆိုးရွားတဲ့အခြေအနေကို အခွင့်ကောင်းယူကာ ဘာသာရေးခေါင်းဆောင်က သူမရဲ့မိခင်ဖြစ်သူကို သူတို့ရဲ့ဘာသာရေးဂိုဏ်းဆီကို ဆွဲဆောင်ခဲ့တာပါ။

Sang-mi က ဒီဘာသာရေးနဲ့ပတ်သက်နေတဲ့ အရာတွေဟာ တစ်ခုခုမှားယွင်းနေကြောင်းကို အကြိမ်ကြိမ်ကန့်ကွက်သတိပေးခဲ့ပေမယ့် ဖခင်ဖြစ်သူရဲ့ အယုံမိနေမှုကြောင့် အကျပ်အတည်းထဲ ရောက်နေခဲ့ပါတယ်။ သုံးနှစ်ကြာပြီးနောက်တွင် သူမရဲ့အတန်းဖော်သူငယ်ချင်း ခရိုင်မှူးရဲ့သားဖြစ်သူ Han Sang-hwan နဲ့ နောက်ထပ်သူငယ်ချင်းနှစ်ယောက်ဖြစ်တဲ့ Jung-hoon, Man-hee တို့နဲ့ တွေ့ဆုံခဲ့ပြီး သူမ အကယ်တင်ခံရဖို့ မျှော်လင့်နေပါတော့တယ်။
Han Sang-hwan နဲ့ သူ့ရဲ့သူငယ်ချင်းတွေက Sang-mi ကို ကယ်တင်ဖို့ကြိုးစားကြပုံနဲ့ ဘာသာရေးကိုအကြောင်းပြထားတဲ့ နောက်ကွယ်က ထိတ်လန့်ဖွယ်လျှို့ဝှက်ချက်တွေကို ဖော်ထုတ်သွားကြမယ့် လျှို့ဝှက်ဆန်းကြယ် သည်းထိတ်ရင်ဖို ဇာတ်လမ်းတွဲပဲ ဖြစ်ပါတယ်။ ယုံကြည်ခြင်း အစွန်းတစ်ဖက် (Save Me) ကို ကြည့်ရှုချင်တယ်ဆိုရင်တော့ https://www.viu.com/ott/mm/mya/all/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။