Seribu Nina ဇာတ်လမ်းတွဲဟာ 2022 ခုနှစ် စိတ်ကူးယဉ်အချစ်ဟာသ မလေးရှားစီးရီးတစ်ခုဖြစ်ပြီး Umi Salwana Omar က ရေးသားထားခဲ့တာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲလေးမှာတော့ မင်းသား Syafiq Kyle, မင်းသမီး Adriana Adnan နဲ့ Marsha Milan တို့က အဓိကပါဝင်ထားကြတာပါ။

ဇာတ်လမ်းပုံစံက လွတ်လပ်ပြီးစိတ်အားထက်သန်မှုရှိတဲ့ ချစ်သူ Nina နဲ့ သူ့ကိုလက်ထပ်ရန်ရည်ရွယ်ထားတဲ့ ရိုးစင်းဖြောင့်မတ်သူ Amar တို့အကြောင်းကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ဒါပေမယ့် မထင်မှတ်ပဲ Nina ပြန်ပေးဆွဲခံလိုက်ရတဲ့အခါမှာတော့ သူ့ရဲ့ချစ်သူကိုရှာဖွေဖို့ ခရီးစဉ်တစ်ခုကို စတင်ရဖို့ ဖြစ်လာခဲ့ပါတယ်။
Amar ဟာ သမိုင်းကထိကတစ်ဦးဖြစ်ပြီး သူ့ရဲ့ချစ်သူ Nina ကတော့ ကော်ဖီဆိုင်တွင်အလုပ်လုပ်သူ တစ်ယောက်ဖြစ်ပါတယ်။ Amar က ဆိတ်ငြိမ်တဲ့နေရာတစ်ခုတွင် စာအုပ်ဖတ်ရတာကို သဘောကျပေမယ့် ချစ်သူ Nina ကတော့ လွတ်လပ်တဲ့စိတ်ရှိသူဖြစ်ကာ တောင်တက်ခြင်း၊ ကခုန်ခြင်းစတဲ့ တက်ကြွတဲ့နေထိုင်မှုပုံစံကို ကြိုက်နှစ်သက်သူ ဖြစ်ပါတယ်။

Amar က Nina ကို ချစ်ပေမယ့် အကျင့်စရိုက်ချင်းလုံးဝကို ကွဲပြားခြားနားတာကြောင့် သူမက သူ့ဘဝရဲ့ အစီအစဉ်တွေနဲ့ တကယ်ပဲကိုက်ညီရဲ့လား သူမဟာ ဇနီးကောင်းတစ်ယောက် ဖြစ်နိုင်ပါ့မလား စတဲ့ခံစားချက်တွေနဲ့ သူ့ရဲ့ခံစားချက်တွေကို သံသယဖြစ်နေခဲ့တာဖြစ်ပါတယ်။ အဲဒီအချိန်မှာပဲ Nina ဆီကို Didi အမည်ရတဲ့ အမျိုးသမီးတစ်ယောက် ရောက်ရှိလာခဲ့တာဖြစ်ပြီး သူမကိုပြန်ခေါ်လာဖို့ တာဝန်ပေးခံထားရကြောင်း သူမက Nina ကို ပြောကြားခဲ့ပါတယ်။ နောက်ပြီး Nina ကလည်း Didi ဘာကိုဆိုလိုလဲဆိုတာကို သိနေခဲ့တာပါ။
အဲဒီနောက်မှာတော့ လုံးဝမျှော်လင့်မထားတဲ့ အရာတွေက Amar ဆီမှာ ဖြစ်ပေါ်လာခဲ့ပါတယ်။ Nina ကို ခေါင်းစွပ်နဲ့ အမျိုးသားတစ်ဦးက ခေါ်ဆောင်သွားခဲ့ပြီး သူမအလုပ်လုပ်နေတဲ့ ကော်ဖီဆိုင်နောက်ခန်းတွင် သူတို့ပျောက်ကွယ်သွားခဲ့ပါတယ်။ Amar က နောက်ကနေလိုက်သွားခဲ့ပေမယ့် ထူးဆန်းစွာနဲ့ သူတို့ကိုမတွေ့ရတော့ပါဘူး။ သူ့ရဲ့ချစ်သူအတွက် Amar တစ်ယောက် ကြိုးစားရှာဖွေမှုတွေ ပြုလုပ်ရင်း ဘယ်လိုထူးဆန်းမှုတွေနဲ့ ကြုံတွေ့ရမလဲဆိုတာကို ကြည့်ရှုရမယ့် ဇာတ်လမ်းတွဲတစ်ခုပဲ ဖြစ်ပါတယ်။
Seribu Nina မလေးရှားဇာတ်လမ်းတွဲလေးကို https://www.viu.com/ott/mm/mya/all/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။