Wednesday, October 4, 2023
HomeEntertainmentဟိုတယ်ထဲကလူသတ်မှုအကြောင်းကို ဖော်ထုတ်ရမယ့် "My Secret Hotel"

ဟိုတယ်ထဲကလူသတ်မှုအကြောင်းကို ဖော်ထုတ်ရမယ့် “My Secret Hotel”

လျှို့ဝှက်ဧည့်ဂေဟာ (My Secret Hotel) ကိုးရီးယားဇာတ်လမ်းတွဲဟာ 2014 ခုနှစ်ကထွက်ရှိခဲ့တဲ့ လျှို့ဝှက်ဆန်းကြယ် ဟာသအချစ်ဇာတ်လမ်းတွဲဟောင်းလေး တစ်ခုပဲ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲလေးမှာတော့ မင်းသမီး Yoo In-na, Lee Young-eun, မင်းသား Jin Yi-han, နဲ့ Namkoong Min တို့က အဓိက ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။

Instagram

ဇာတ်လမ်းပုံစံက Nam Sang-hyo (Yoo In-na) ဟာ ကိုးရီးယားနိုင်ငံရဲ့ ထိပ်တန်းဇိမ်ခံဟိုတယ်တစ်ခုဖြစ်တဲ့ Secret Hotel ရဲ့ မင်္ဂလာပွဲစီစဉ်ဌာနရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်ပြီး နိုင်ငံရဲ့ ထိပ်တန်းမင်္ဂလာပွဲတွေကို စီစဉ်ပေးရသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ အကောင်းမြင်စိတ်ရှိပြီး ပျော်ရွှင်စွာနေတတ်တဲ့ သူမဟာ အလုပ်ကိုကြိုးကြိုးစားစား လုပ်ကိုင်သူတစ်ယောက်ဖြစ်သလို သူမရဲ့အိပ်မက်ကတော့ တစ်နေ့မှာ ဒီဟိုတယ်ရဲ့အထွေထွေ မန်နေဂျာဖြစ်လာဖို့ပဲ ဖြစ်ပါတယ်။

Sang-hyo တာဝန်ယူစီစဉ်ပေးရမယ့် နောက်ထပ်ဖောက်သည်ဟာ သူမရဲ့ခင်ပွန်းဟောင်း ဗိသုကာပညာရှင် Gu Hae-young (Jin Yi-han) ဖြစ်လာတဲ့အခါမှာတော့ ဒါဟာ သူမအလုပ်အတွက် ကြီးမားတဲ့စိန်ခေါ်မှု ဖြစ်လာခဲ့ပါတယ်။ လွန်ခဲ့တဲ့ခုနစ်နှစ်တုန်းက Sang-hyo နဲ့ Hae-young တို့ဟာ တစ်ယောက်နဲ့တစ်ယောက် ရူးရူးမူးမူးချစ်ခဲ့ကြပြီး Las Vegas တွင် လက်ထပ်ခဲ့ကြပါတယ်။ ဒါပေမယ့် အဲဒီနောက်မှာတော့ သူတို့ကြားပြဿနာလေးတွေ ဖြစ်ပေါ်ခဲ့ပြီးနောက် လမ်းခွဲပြတ်စဲခြင်းသို့ ရောက်ခဲ့ကြတာပါ။

သူတို့ရဲ့အိမ်ထောင်ရေးဟာ ရက်ပေါင်း 100 သာ ကြာမြင့်ခဲ့ပြီး လက်ထပ်ခြင်းနဲ့ပတ်သက်ပြီး လက်ထပ်မှတ်ပုံတင်ခြင်းတွေလည်း မပြုလုပ်ရသေးတာကြောင့် သူတို့ရဲ့လက်ထပ်ခြင်းဟာ လျှို့ဝှက်ချက်တစ်ခုအဖြစ် ရှိနေခဲ့ပါတယ်။

Instagram

တစ်ချိန်တည်းမှာပဲ Sang-hyo ဟာ စည်းကမ်းတင်းကျပ်ပေမယ့် သူတစ်ပါးကို စဉ်းစားပေးတတ်တဲ့ ဟိုတယ်ရဲ့ မန်နေဂျင်းဒါရိုက်တာ Jo Sung-gyeom (Namkoong Min) ကို သဘောကျနေခဲ့တာပါ။ ဒါပေမယ့် အကြံကြီးတဲ့ ပြည်သူ့ဆက်ဆံရေး မန်နေဂျာ Yeo Eun-joo (Lee Young-eun) ဟာလည်း Sung-gyeom ရဲ့နှလုံးသားကို အပိုင်ရနိုင်ဖို့အတွက်ရော ရာထူးတိုးဖို့အတွက်ပါ Sang-hyo ရဲ့ပြိုင်ဘက်တစ်ဦး ဖြစ်နေခဲ့တာပါ။

အဲဒီနောက် လူသတ်မှုတစ်ခုက ကိစ္စတွေကိုပိုမိုရှုပ်ထွေးသွားစေကာ ဟိုတယ်ကိုဗြောင်းဆန်စေခဲ့ပါတယ်။ လျှို့ဝှက်စွာဖြစ်ပေါ်လာတဲ့ လူသတ်မှုရဲ့နောက်ကွယ်မှာ ဘယ်လိုအကြောင်းအရာတွေ ရှိနေပြီး လူသတ်သမားကို ဘယ်လိုရှာဖွေကြမလဲ။ သူတို့ရဲ့ရှုပ်ထွေးတဲ့ဆက်ဆံရေးကရော ဘယ်လိုမျိုးအဆုံးသတ်သွားမလဲဆိုတာကို ကြည့်ရှုရမယ့် ဇာတ်လမ်းတွဲကောင်းလေးတစ်ခုပဲ ဖြစ်ပါတယ်။ လျှို့ဝှက်ဧည့်ဂေဟာ (My Secret Hotel) ဇာတ်လမ်းတွဲကို https://www.viu.com/ott/mm/mya/all/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

RELATED ARTICLES
- Advertisment -

Most Popular

%d bloggers like this: