ကင်ဆာရောဂါကိုကာကွယ်ဖို့ ဆေးထိုး ဆေးသောက်လည်း လုပ်လို့မရပါဘူး။ ဒါကြောင့် နေ့စဉ်လူနေမှုဘဝပုံစံကိုပြောင်းလဲကာ မိမိတတ်နိုင်သလောက် အလွယ်ကူဆုံးနည်းလမ်းတွေသုံးပြီး ကာကွယ်လိုက်ရအောင်လား။
(၁) ဆေးရွက်ကြီးနှင့် ဆက်စပ်ပစ္စည်းများကို ရှောင်ကြဉ်ပါ။
အဓိကကတော့ စီးကရက်၊ ဖက်ကြမ်းစတဲ့ ဆေးလိပ်တွေ မသောက်ဖို့ပါပဲ။ ဆေးလိပ်သောက်ခြင်းကြောင့် အဆုတ်၊ ပါးစောင်၊ ပါးစပ်၊ လည်ချောင်း၊ လည်မျို၊ ပန်ကရိယ၊ ဆီးအိမ်၊ သားအိမ်ခေါင်းနဲ့ ကျောက်ကပ်ကင်ဆာတို့ကို ဖြစ်စေပါတယ်။

(၂) ကျန်းမာရေးနဲ့ ညီညွတ်စွာ စားသောက်ပါ။
အော်ဂဲနစ် ဟင်းသီးဟင်းရွက်များ များများစားပေးခြင်း၊ အဆီရှောင်ခြင်း၊ အရက်အလွန်အကျွံ မသောက်သုံးခြင်းနဲ့ အသားများစားတဲ့အခါ အလွန်အကျွံစားသုံးခြင်းတို့ကို ရှောင်ကြဉ်ပေးပါ။ အမျိုးသမီးများအတွက် စားလို့ရတဲ့သံလွင်ဆီစစ်စစ်နဲ့ အစေ့အဆံတွေကိုရောစားခြင်းဟာ ရင်သားကင်ဆာဖြစ်စေခြင်း ရာခိုင်နှုန်းကို လျော့ကျစေတယ်လို့ ဆိုပါတယ်။ စားသုံးဆီနဲ့ ထောပတ်တွေအစား သံလွင်ဆီကို အစားထိုးသုံးပေးပြီး အသားကြီးတွေအစား ငါးအစားထိုးစားပေးနိုင်ပါတယ်။

(၃) ကိုယ်အလေးချိန်ကို ထိန်းသိမ်းကာ ကိုယ်လက်လှုပ်ရှားမှုကို ပုံမှန်ပြုလုပ်ပေးပါ။
ရင်သားကင်ဆာ၊ ဆီးကျိတ်ကင်ဆာ၊ အဆုတ်ကင်ဆာ၊ အူမကြီးနဲ့ ကျောက်ကပ်ကင်ဆာတို့ဖြစ်ခြင်းမှ ရှောင်ရှားရန် ကိုယ်အလေးချိန်ကို ထိန်းသိမ်းပေးပါ။ အဝလွန်နေပါက ကျန်းမာရေးနဲ့ညီညွတ်စွာ ကိုယ်အလေးချိန်လျှော့ချပေးဖို့လိုအပ်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှုများ ပုံမှန်ပြုလုပ်သူတွေဟာ ရင်သားကင်ဆာဖြစ်ခြင်း လျော့ကျစေပါတယ်။ တစ်ပတ်ကို မိနစ် (၁၀၀) လောက် ပုံမှန်လေး ကိုယ်လက်လှုပ်ရှားမှုပြုပေးပါ။
(၄) နေရောင်ခြည်မှ အတတ်နိုင်ဆုံးကာကွယ်ပါ။
ဓာတ်ရောင်ခြည်များအများဆုံးကျရောက်တဲ့ မနက် (၁၀) နာရီမှ ညနေ (၄) နာရီအတွင်း နေရောင်ထဲတိုက်ရိုက်ထွက်ခြင်းကို ရှောင်ကြဉ်ပါ။ ထီးကဲ့သို့ အကာအကွယ်များဖြင့်သာ နေရောင်ထဲ ထွက်သင့်ပါတယ်။

(၅) ကျန်းမာရေး ပုံမှန်စစ်ဆေးပေးပါ။
အရေပြား၊ အူမကြီး၊ သားအိမ်ခေါင်းနဲ့ ရင်သားကင်ဆာတို့ဟာ စောစောသိလေ ပျောက်ကင်းအောင်ကုသဖို့ ပိုလွယ်လေဖြစ်တာကြောင့် ပုံမှန်ကျန်းမာရေးစစ်ဆေးပေးဖို့ လိုအပ်ပါတယ်။