သူငယ်ချင်းကောင်းတွေဟာ ဘဝမှာ အရေးပါပါတယ်။ တစ်ခါတလေမှာ သူငယ်ချင်းကောင်းတွေဟာ မိသားစုအရင်းတွေထက်တောင် ပိုမိုအားကိုးရပြီး စိတ်ချလက်ချ ရင်ဖွင့်လို့ရနိုင်တဲ့သူတွေ ဖြစ်နေတတ်ပါတယ်။ အောက်စဖို့ဒ်တက္ကသိုလ်က လေ့လာချက်တစ်ခုမှာတော့ အမျိုးသမီးတွေဟာ သူငယ်ချင်းတွေနဲ့ အပြင်မကြာခဏထွက်လည်သင့်တယ်လို့ တွေ့ရပါတယ်။ ၎င်းလေ့လာချက်က အမျိုးသမီးတွေအနေနဲ့ ဘဝမှာ ပျော်ပျော်ရွှင်ရွှင်နေသွားချင်ရင် သူငယ်ချင်းတွေနဲ့ တစ်ပတ်ကို (၂) ကြိမ်လောက် အချိန်ဖြုန်းပါလို့ ဆိုပါတယ်။

လေ့လာချက်ရဲ့ နောက်ကွယ်က သုတေသနပညာရှင်တစ်ဦးဖြစ်တဲ့ ရော်ဘင်ဒန်ဘာကတော့ အမျိုးသမီးတွေဟာ သူတို့ရဲ့ အချစ်ဆုံးသူငယ်ချင်းတွေနဲ့ အချိန်ဖြုန်းတဲ့အခါ သူတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးတွေဟာ အများကြီးတိုးတက်လာကြောင်း ပြောပြပါတယ်။ သူငယ်ချင်းတွေအချင်းချင်း စားရင်းသောက်ရင်းပဲ ဖြစ်ဖြစ်၊ အတင်းပြောတာပဲဖြစ်ဖြစ်၊ အခြားရောက်တတ်ရာရာ မျိုးစုံပြောရင်း ပွင့်ပွင့်လင်းလင်း ရင်ဖွင့်တာက အမျိုးသမီးတွေကို ကျန်းမာစေတယ်လို့ ဆိုပါတယ်။
ဒီလိုမျိုး အချစ်ဆုံးသူငယ်ချင်းတွေနဲ့ တွေ့ဆုံတာဟာ အမျိုးသမီးတွေကို ရောဂါဖြစ်နေရင်တောင် သက်သာပျောက်ကင်းမြန်စေတဲ့အပြင် ကိုယ်ခံအားကိုပါ တိုးတက်စေပြီး စိတ်မငြိမ်မသက်ဖြစ်မှု အဆင့်တွေကိုပါ လျှော့ချပေးနိုင်ကြောင်း တွေ့ရပါတယ်။ ဒါပေမယ့်လည်း အမျိုးသမီးတွေအနေနဲ့ ကိုယ်နဲ့ စိတ်တူကိုယ်တူ ဖြစ်တဲ့ သူငယ်ချင်းတွေ၊ အချင်းချင်း ယုံကြည်စိတ်ချရတဲ့ ဆက်ဆံရေးတည်ဆောက်ထားတဲ့ သူငယ်ချင်းတွေနဲ့သာ ဒီလိုမျိုး ရှိနေဖို့ အဆင်ပြေမှာဖြစ်ပါတယ်။

သုတေသနပညာရှင်တွေက အချို့အမျိုးသမီးတွေကတော့ အဖွဲ့နဲ့ မဟုတ်ဘဲ တစ်ဦးတစ်ယောက်တည်း သီးသန့်နေမှ ပျော်တတ်တဲ့သူတွေလည်း ရှိတယ်လို့ ဆိုပါတယ်။ အဖွဲ့နဲ့ဆိုရင်တော့ အများဆုံး(၄) ယောက်ရှိဖို့လိုပြီး တစ်ဦးနဲ့ တစ်ဦး အမြင်ချင်းဖလှယ်တာက အမျိုးသမီးတွေရဲ့ စိတ်ရော ရုပ်ပါ ကျန်းမာ ကြံ့ခိုင်စေတယ်လို့ ပညာရှင်တွေကတော့ ဆိုပါတယ်။ အမျိုးသမီးတွေဟာ ရယ်စရာပြောနေတဲ့အချိန်မှာ အကောင်းဆုံး ပြုမူတုံ့ပြန်ပုံတွေ ရှိကြကြောင်းနဲ့ တကယ်လို့ အမျိုးသမီးအုပ်စုဟာ (၅) ယောက်ထက် များမယ်ဆိုရင်တော့ အရမ်းကြီးပျော်ဖို့မကောင်းတော့ဘူးလို့ သုတေသနပညာရှင်တွေက သုံးသပ်ထားပါတယ်။
By လင်းလင်း