
တစ်ခါတလေ လူတွေဟာ အင်တာနက်သာမရှိရင် ဘယ်လိုများနေကြမလဲ စိတ်ဝင်စားစရာပါ။ အင်တာနက်ပေါ်မှာတော့ ကိုယ့်တစ်ကိုယ်ရည်ကျန်းမာရေးကို ဘယ်လိုထိန်းသိမ်းမလဲဆိုတဲ့ မဆုံးနိုင်တဲ့နည်းလမ်းတွေအများကြီးတွေ့ရပါလိမ့်မယ်။ အခုတစ်ခါမှာလည်း စာဖတ်သူတွေအတွက် အသုံးဝင်မယ်လို့မျှော်လင့်ရတဲ့ တစ်ကိုယ်ရည်သန့်ရှင်းရေးဆိုင်ရာ အယူအဆအမှားတွေကို ဖော်ပြပေးလိုက်ပါတယ်။
သွားတိုက်ပြီးတာနဲ့ ချက်ချင်းပလုတ်ကျင်းခြင်း

သွားဆရာဝန်တွေက သွားတိုက်ပြီးရင် သွားတိုက်ဆေးကိုပဲ ထွေးထုတ်ပစ်ဖို့တိုက်တွန်းထားပါတယ်။ ဘာကြောင့်လဲဆိုတော့ သွားတိုက်ဆေးထဲမှာပါတဲ့ ဖလူရွိုက်က ခံတွင်းထဲကျန်ရှိနေအောင်ဖြစ်ပါတယ်။ သွားတိုက်ပြီးနောက် ရေနဲ့ပလုတ်ကျင်းမယ်ဆိုရင်တော့ သွားတိုက်ဆေးရဲ့ သွားတွေအပေါ်ကာကွယ်နိုင်တဲ့အစွမ်းသတ္တိတွေလျော့နည်းသွားပြီး သွားကိုပျက်စီးစေတယ်ဆိုပါတယ်။
ဘီးကို သန့်ရှင်းစွာမထားခြင်း
ဘီးတွေဟာ ဘက်တီးရီးယားတွေပေါက်ဖွားတဲ့ အကြီးစားနေရာကြီးဖြစ်ပါတယ်။ ဒါကြောင့် ဘီးတွေကို တစ်ပတ်တစ်ခါ နှစ်ပတ်တစ်ခါ ဆေးကြောသင့်ပါတယ်။ နေ့တိုင်း ဘီးတွေကိုအသုံးပြုနေရတာဖြစ်တဲ့အတွက် ညစ်ပတ်ပြီးဘက်တီးရီးယားတွေနဲ့ပြည့်နေတဲ့ဘီးကို ဖြီးရမယ်ဆိုရင်တော့ တကယ်ကိုမနှစ်မြို့စရာပါပဲ။
နှာခေါင်းမွေးတွေကို ဖယ်ပစ်ခြင်း
လူ့ခန္ဓာကိုယ်ပေါ်က အမွေးအမျှင်တွေဟာ မသန့်ရှင်းဘူးဆိုပြီး အများစုက ဖယ်ရှားတတ်ကြပါတယ်။ ဒါပေမဲ့ ဒီနေရာမှာတော့ နှာခေါင်းထဲက အမွေးတွေကိုဖယ်ရှားလို့ ဘာကျန်းမာရေးအကျိုးကျေးဇူးမှ ရမှာမဟုတ်ပါဘူး။ နှာခေါင်းတွင်းက အမွေးတွေဟာ ဖုန်မှုန့်တွေနဲ့ အခြားယားယံတာ၊ ဓာတ်မတည့်တာတွေဖြစ်စေနိုင်တဲ့အရာတွေကို အဆုတ်ထဲမဝင်ရောက်နိုင်အောင် ကာဆီးပေးပါတယ်။
ရေချိုးတဘက်တွေကို ရေချိုးခန်းထဲထားခြင်း

ရေချိုးတဘက်တွေဟာ ရေချိုးခန်းထဲမှာထားရင် ပိုညစ်ပေလွယ်ပါတယ်။ ဥပမာပြောရရင် အိမ်သာဖုံးဖွင့်ပြီး ရေဆွဲချမိတဲ့အခါ၊ စပရေးတွေဖြန်းတာ၊ ပြီးတော့ စိုထိုင်းတဲ့နေရာမှာ တစ်ချိန်လုံးရှိနေရတဲ့ ရေချိုးတဘက်တွေဟာ အစိုဓာတ်ကြောင့် ဘက်တီးရီးယားတွေ ပိုမိုပေါက်ဖွားတဲ့နေရာဖြစ်လာနိုင်ပါတယ်။
ရေပူနဲ့လက်ဆေးခြင်း
ရေပူဟာ ပိုးမွှားတွေကို သေစေနိုင်တယ်ဆိုပြီး လူတွေက ယုံကြည်လာခဲ့ကြတာပါ။ ဒါပေမဲ့ ရေဘုံဘိုင်ကနေ ထွက်လာတဲ့ အပူချိန်အနိမ့်အမြင့်က တကယ်တော့ ဘာမှမထူးခြားပါဘူး။ ရေဟာ ၂၁၂ ဒီဂရီဖာရင်ဟိုက် (၁၀၀ ဒီဂရီ စင်တီဂရိတ်) ရောက်မှ ဘက်တီးရီးယားတွေအတွက် အန္တရာယ်ရှိတာပါ။ ဒါ့ပြင် ရေပူဟာ အသားအရေအတွက်လည်းမကောင်းပါဘူး။ လက်အရေပြားတွေကို ခြောက်သွေ့စေပါတယ်။ ဒါကြောင့် ရေပူနဲ့ရေဆေးတာထက်စာရင် ရေအေးနဲ့သာ အချိန်ပိုကြာကြာလက်ဆေးသင့်ပါတယ်။