အသက်အရွယ်အပိုင်းအခြားတစ်ခုကို ရောက်လာတဲ့အခါ အရင်တုန်းက ကိုယ့်အတွက် အရေးကြီးတဲ့အရာတွေက ထင်သလောက် အရေးမပါတော့ဘဲ ကိုယ်မထင်ခဲ့တဲ့ အစိတ်အပိုင်း၊ အကြောင်းအရာတွေက သိသိသာသာ အရေးပါလာတာကို ရင်ဆိုင်ကြုံတွေ့ရနိုင်ပါတယ်။ အသက်အရွယ်အားဖြင့် ပိုင်းခြားပြရမယ်ဆိုရင် အသက်(၂၅)နှစ်ကျော်သွားတဲ့အခါ လူတစ်ယောက်ရဲ့ စိတ်နေစိတ်ထားနဲ့ အကြိုက်တွေ့မှုတွေကပါ လိုက်ပါပြောင်းလဲသွားတာကို တွေ့ရနိုင်ပါတယ်။ ဒါကြောင့် (၂၅)မတိုင်ခင်နဲ့ (၂၅)ကျော်ပြီးနောက် မတူညီတဲ့ ဘဝအနေအထားတွေကို ယှဉ်တွဲဖော်ပြပေးလိုက် ပါတယ်။
Nightclubs

အများအားဖြင့် အသက်(၂၅)နှစ်မတိုင်ခင်မှာ Nightclubs တွေလို ပျော်ရွှင်စရာနေရာတွေဟာ ကြီးမားတဲ့ ဆွဲဆောင်မှု နဲ့ စိတ်လှုပ်ရှားမှုကို ဖြစ်စေပါတယ်။ ဒီလိုပျော်ပါးဖို့ကိုလည်း တော်တော်လေး စိတ်အားထက်သန်ကြပါတယ်။ ဒါပေမယ့် အသက်(၂၅)နှစ်ကျော်သွားပြီး ဘဝရဲ့ လေးနက်တဲ့ အစိတ်အပိုင်းတွေကို ကြုံတွေ့လာရတဲ့အခါမှာတော့ ဒီလိုနေရာတွေဟာ ထင်သလောက် ပျော်ဖို့မကောင်းတော့တာကို ခံစားဖူးကြပါလိမ့်မယ်။ လူတွေ၊ သီချင်းသံတွေ၊ စီးကရက်အခိုး အငွေ့တွေနဲ့ စိတ်ရှုပ်စရာနေရာမျိုးတွေထက် ကိုယ့်အိမ်က အိပ်ရာလေးပေါ်မှာ တီဗွီလေး ကြည့်နေရတာကို ပိုနှစ်သက် လာမိပါလိမ့်မယ်။
သူငယ်ချင်းတွေနဲ့ တွေ့ဆုံမှု

(၂၅)နှစ်မတိုင်ခင်မှာတော့ တာဝန်တွေ၊ အလုပ်တွေ၊ စိတ်ဖိစီးမှုတွေ မရှိသလောက် နည်းပါးပြီး အများအားဖြင့် အချိန်ပို လေးတွေ ရှိနေတတ်ကြတာကြောင့် သူငယ်ချင်းတစ်စု စိတ်ပါရင် ပါသလို စုဝေးပြီး တွတ်ထိုးနိုင်ကြပါတယ်။ အဲဒီအရွယ် ကတော့ သူငယ်ချင်းအုပ်စုတစ်စုကြီးနဲ့ ဟိုဟိုဒီဒီ လျှောက်လည်ရတာ တကယ့်ငယ်ဘဝ အမှတ်တရ ဖြစ်ပါတယ်။ ဒီလိုနဲ့ (၂၅)နှစ်ကျော်သွားပြီဆိုရင်တော့ အလုပ်အကိုင်၊ ရာထူးတာဝန်တွေနဲ့ နေရာဌာနအသီးသီးမှာ တာဝန်ကျနေကြပြီမို့လို့ သူငယ်ချင်းအပေါင်းအသင်းတွေ တစ်ယောက်နဲ့တစ်ယောက် တွေ့ကြရဖို့ဆိုတာ အင်မတန်ကို ခက်ခဲပါတယ်။ ကိုယ်အားတဲ့အချိန် သူမအား၊ သူအားတဲ့အချိန် ကိုယ်မအားနဲ့ တစ်ခါတစ်ခါ တွေ့ကြရဖို့ နှစ်ပေါက်အောင် ချိန်းကြရပါတယ်။
ဆက်သွယ်မှု
(၂၅)နှစ်မတိုင်ခင် ဖလန်းနေတဲ့အချိန်မှာတော့ ရင်ခုန်စရာတွေနဲ့ ပြည့်နှက်နေတာမို့ သူငယ်ချင်းတွေဆီ တစ်ယောက်နဲ့ တစ်ယောက် ရင်ဖွင့်ရ၊ တိုင်ပင်ရ၊ အတင်းတုတ်ရနဲ့ တစ်နေ့တစ်နေ့ ပို့လိုက်ရတဲ့ မက်ဆေ့ချ်၊ ဆက်လိုက်ရတဲ့ ဖုန်းတွေ ဟာ မနည်းမနောပါပဲ။ ကိုယ့်ဘဝနဲ့ကိုယ် လျှောက်လှမ်းကြပြီဆိုတဲ့ အရွယ်မျိုး ရောက်သွားတဲ့အခါမှာတော့ ဖုန်း call log ထဲက အဝင်အထွက်တွေဟာ နည်းပါးလာပါတယ်။ အကြောင်းကိစ္စကြီးငယ်မရှိဘဲ တစ်ယောက်နဲ့တစ်ယောက် မဆက်သွယ်တတ်ကြတော့ပါဘူး။
ရင်ခုန်စရာတွေ ပြောင်းလဲသွား

(၂၅)နှစ်မတိုင်ခင် ကောင်လေးတွေ ရင်ခုန်တာက ခပ်မိုက်မိုက်၊ ခပ်ဟော့ဟော့ အလန်းစား ကောင်မလေးတွေ ဖြစ်ပါလိမ့်မယ်။ သူတို့အိပ်မက်ထဲထိ ရင်ခုန်ပြီး လိုချင်တာက ဒီလိုမိန်းမလှလေးမျိုးတွေပါပဲ။ ဒါပေမယ့် (၂၅)နှစ် ကျော်သွားပြီး ကိုယ့်ရဲ့ဘဝလက်တွဲဖော်ကို တွေ့ရှိလိုက်ပြီးနောက်မှာတော့ သူ ပြုတ်တိုက်တဲ့ ခေါက်ဆွဲပြုတ်တစ်ပန်းကန်က ကိုယ့်အတွက် ရင်ခုန်သံပါပဲ။ ကိုယ့်အပေါ်ကို နားလည်ပြီး ကြင်နာယုယပေးနိုင်မယ့် မိန်းကလေးမျိုးကိုပဲ လိုချင်တောင့်တ မိပါတော့တယ်။
ရိုမန့်တစ်တွေ လျှော့၊ ဂရုစိုက်မှုတွေ ထပ်ပေါင်း

(၂၅)နှစ်မပြည့်ခင် သစ်ရွက်လှုပ်တာ မြင်ရုံနဲ့ ရင်ခုန်တတ်တဲ့ အသက်အရွယ်မှာတော့ ရေစိုနေတဲ့ ချစ်သူရဲ့ဆံနွယ်လေး တွေကြည့်ပြီး ရင်ခုန်တာတို့၊ သူ့ဆံနွယ်တွေပေါ်မှာ ဟီးလေးခိုနေတဲ့ နှင်းစက်လေးတွေကို ကြိတ်သဝန်တိုတာမျိုးတို့ ဖြစ်ဖူးကြပါလိမ့်မယ်။ အသက်အရွယ်လေး ရလာပြီး လက်တွေ့ဘဝထဲမှာ ကျင်လည်လာရတဲ့နောက်မှာတော့ ဒီလို ရိုမန့်တစ်တဲ့ကိစ္စမျိုးတွေကို သိပ်အရေးမစိုက်မိတော့ဘဲ ကိုယ့်ချစ်သူ နေကောင်းဖို့၊ ကျန်းမာဖို့၊ အအေးမမိဖို့ … ဒါမျိုးတွေကိုပဲ စိတ်က စိုးရိမ်ပူပန်ပြီး လိုက်စောင့်ရှောက်မိတတ်ပါတော့တယ်။
အပြင်စာတွေ မကြိုက်တော့
ငယ်တုန်းရွယ်တုန်းအချိန်မှာတော့ ပီဇာတို့၊ ဘာဂါတို့၊ ကြက်ကြော်တို့ ဆိုတာတွေဟာ အချိန်တော်တော်များများ ရွေးချယ် စားသောက်မိတဲ့ အရာတွေပါ။ ကျန်းမာခြင်းသည် လာဘ်တစ်ပါးဆိုတာကို သိရှိလာပြီးတဲ့ ရင့်ကျက်ချိန်ကို ရောက်သွား ချိန်မှာတော့ အပြင်စာတွေ၊ အလွယ်စာတွေကို နှစ်နှစ်ကာကာ မကြိုက်တော့ဘဲ ကိုယ့်အိမ်ထမင်း၊ အိမ်ဟင်းလေးကိုသာ မက်မက်မောမော စားသောက်တတ်ပါတော့တယ်။
မှန်းချက်နဲ့ နှမ်းထွက်မကိုက်တဲ့ လစာထုတ်ရက်
အလုပ်ဝင်ကာစ နှစ်ဆယ်ကျော်အရွယ်လေးမှာတော့ လစာထုတ်ရက်ဟာ တကယ့်ကို မီလီယံနာကြီးလို ခံစားရတဲ့နေ့ ဖြစ်ပါတယ်။ လိုချင်တာတွေ ဝယ်၊ စားချင်တာတွေ စားနဲ့ အပူအပင်မရှိ၊ တော်တော်ကို စိတ်ကျေနပ်စရာကောင်းတဲ့နေ့ ဖြစ်ပါတယ်။ ဒီလိုကနေ အသက်တွေကြီးလာပြီး လက်တွေ့ဘဝထဲ ကိုယ်တိုင်နစ်ဝင်သွားတဲ့အချိန်မျိုးမှာတော့ လစာထုတ်ရက်ဆိုတာဟာ မှန်းချက်နဲ့နှမ်းထွက်မကိုက်တဲ့ နေ့တစ်နေ့ပါပဲ။ လစာထုတ်လာပြီဆိုတာနဲ့ လိုချင်တာတွေ ဝယ်ဖို့ဝေး။ စိတ်တောင်မကူးနိုင်ဘဲ ဟိုဟာက အိမ်လခ၊ ဒီဟာက အကြွေး၊ ဒီဟာက ထမင်းစရိတ် … အဲဒီလိုမျိုးနဲ့ပဲ လစာဆိုတာဟာ ပျောက်ချင်းမလှ ပျောက်သွားတတ်ပါတယ်။
ဒါကတော့ (၂၅)နှစ်မတိုင်ခင် လူငယ်ဘဝနဲ့ (၂၅)ကျော်ပြီး အရွယ်ရောက်သူဘဝရဲ့ ကွာခြားချက်လေးတွေကို ဖော်ပြပေးခဲ့တာ ဖြစ်ပါတယ်။ အားလုံးပဲ ကျန်းမာရွှင်လန်းကြပါစေ။