ဖက်ရှင်ဆိုတာကတော့ ကိုယ်သုံးရင် သုံးသလောက်ကို ငွေကုန်စေတဲ့ ငွေထွက်ပေါက်တစ်ခုပါ။ ဒီငွေထွက်ပေါက်ကြီးကို ပိတ်ဖို့အတွက် နည်းသိဖို့ပဲ လိုပါတယ်နော်။ ဖက်ရှင်လည်းကျမယ်၊ ငွေကုန်လည်းသက်သာမယ်ဆိုရင်တော့ တကယ့်ကို အဆင်ပြေတဲ့နည်းပေါ့။ ငွေကြေးကုန်ကျမှုသက်သာပြီး ဖက်ရှင်ကျကျ ဝတ်ဆင်နိုင်မယ့်နည်းလမ်းက ဘယ်လိုမျိုးလဲ။
Brand တွေ၊ ဈေးကြီးတာတွေ မဝယ်ပါနဲ့

ဈေးကြီးတိုင်း ဖက်ရှင်ကျတာ မဟုတ်သလို၊ ဖက်ရှင်ကျတိုင်းလည်း ဈေးကြီးမနေပါဘူးနော်။ Brand ဝတ်မှ ဖက်ရှင်ကျတယ်လို့ မထင်လိုက်ပါနဲ့၊ brand မဝတ်လည်း ဖက်ရှင်ကျတဲ့သူတစ်ယောက်ဖြစ်အောင် ဝတ်ဆင်လို့ရပါတယ်။ ဒါကြောင့် ဈေးကြီးတိုင်း ဖက်ရှင်ကျမယ်ထင်နေတဲ့ သင့်စိတ်ကို အမြန်ဆုံးပြုပြင်ဖို့ လိုပါတယ်။ ဈေးနှုန်းအသင့်အတင့်နဲ့ ဖက်ရှင်ကျကျ ဝတ်တတ်အောင် ကြိုးစားပါ။
ကိုယ်နဲ့ လိုက်ဖက်မှုရှိတဲ့ပုံစံကို ရွေးဝယ်ပါ
မိန်းကလေးတွေ တော်တော်များများ လုပ်လေ့ရှိတဲ့ အမှားတစ်ခုက သူများနဲ့ လှနေရင် ကိုယ်နဲ့လည်း လှမယ်လို့ ထင်တတ်ကြတာပါ။ ဒါဟာ တကယ့်ကို မှားယွင်းမှုကြီးဖြစ်ပြီး လူတိုင်းမှာ ကိုယ့်စတိုင်နဲ့ကိုယ် ရှိပါတယ်။ သူများနဲ့ လှတိုင်းလည်း ကိုယ်နဲ့လှချင်မှ လှမှာဖြစ်ပြီး ကိုယ်နဲ့လှတဲ့ဖက်ရှင်ဟာလည်း သူများနဲ့ အဆင်ပြေချင်မှ ပြေနိုင်မှာပါ။ ဆိုင်မှာရောင်းနေတဲ့ အဝတ်တွေကို ဝတ်ကြည့်ပြီးမှ လိုက်ဖက်မှုရှိတယ်ဆိုမှ ဝယ်ယူဖို့ အကြံပေးချင်ပါတယ်။
တကယ်အသုံးဝင်တဲ့ ပစ္စည်းဖြစ်ပါစေ

ကိုယ်ကြိုက်လို့ ဝယ်လာပြီးမှ တစ်ခါလေးဝတ်ပြီး မဝတ်ဖြစ်တော့တဲ့ အဝတ်အစားတွေ ဗီရိုထဲမှာ ဒီအတိုင်းရှိနေတယ်မဟုတ်လား။ ဆိုင်မှာတော့ လှသလိုမြင်ပြီး အိမ်ရောက်မှ မကြိုက်တော့တဲ့ အဝတ်အစားမျိုး၊ ကိုယ့်အတွက် တစ်ခါပဲ ဝတ်ဖြစ်ပြီး နောက်မဝတ်ချင်တော့တဲ့ အဝတ်အစားမျိုးတွေကို မဝယ်ဖြစ်အောင် သေချာရွေးချယ်ဝယ်ယူပါ။ ကိုယ်ဝယ်လိုက်တဲ့ အဝတ်အစားတွေဟာ ကိုယ့်အတွက် တကယ်အသုံးဝင်မယ့် အဆင်ပြေမယ့် အဝတ်အစား ဖက်ရှင်မျိုးကို ရွေးချယ်ဝယ်ယူသင့်ပါတယ်။
လတ်တလော ဖက်ရှင်ရေစီးကြောင်းကို မလိုက်ပါနဲ့
လတ်တလောမှာ ခေတ်စားနေတဲ့ ဖက်ရှင်ကို မလိုက်ခိုင်းတာက တချို့ဖက်ရှင်တွေက ခဏတာ hit ထပြီး နောက်ပိုင်းမဝတ်ဖြစ်လောက်တဲ့၊ ဝတ်ရမှာ အဆင်မပြေလောက်တဲ့ ဖက်ရှင်မျိုး ဖြစ်နေတတ်ပါတယ်။ ဒါတွေဟာ တစ်ခဏမှာတော့ လူကြိုက်အရမ်းများလို့ ဈေးကြီးပေးဝယ်ရပေမယ့် တကယ်တမ်းမှာတော့ အမြဲတမ်းဝတ်ဖို့ အဆင်မပြေတဲ့ ဖက်ရှင်ဖြစ်နေတတ်လို့ပါ။ ဘယ်တော့မှ ရိုးမသွားတဲ့၊ အမြဲတမ်းဝတ်လို့ အဆင်ပြေမယ့် ဖက်ရှင်မျိုးကိုသာ ရွေးချယ်ဝယ်ယူမှ ငွေကြေးလည်း ချွေတာနိုင်ပြီး အသုံးလည်း ဝင်စေမှာပါ။