ထမင်းစားပြီးတိုင်း အချိုဓာတ်ကင်းတဲ့ sugar-free ပီကေတွေကို စားသုံးပေးခြင်းဟာ သွားကျန်းမာရေးကို အထောက်အကူဖြစ်စေတယ်လို့ ပညာရှင်တွေက ဆိုပါတယ်။ ဒီအကြောင်းအရာကိုတော့ dailymail ကနေတစ်ဆင့် တွေ့ရှိခဲ့ရတာပါ။ သုတေသနပညာရှင်တွေဟာ နှစ်ပေါင်း(၅၀) ကြာ သုတေသနပြုပြီးနောက်မှာတော့ အချိုကင်းတဲ့ပီကေတွေဟာ သွားတွေ ပျက်စီးဆွေးမြေ့နှုန်းကို (၂၈) ရာခိုင်နှုန်းလောက် လျော့ကျစေတယ်လို့ ကြေညာခဲ့တာ ဖြစ်ပါတယ်။
အကြောင်းရင်းကတော့ လူတွေဟာ ပီကေဝါးတဲ့အခါ သွားရည်ပိုထွက်လာပါတယ်။ ဝါးလိုက်လို့ အစာတွေက ထွက်လာတဲ့ အက်ဆစ်တွေကို ပီကေဝါးလို့ ထွက်လာတဲ့ သွားရည်တွေက ဆေးကြောပစ်လိုက်တဲ့အတွက် ခံတွင်းထဲက အက်ဆစ်ပမာဏဟာ သမမျှတမှုရှိသွားတာ ဖြစ်ပါတယ်။ ဒါပေမယ့် သတိပြုရမှာကတော့ သကြားပါတဲ့ ပီကေတွေကိုတော့ ရှောင်ကြဉ်ဖို့ပါပဲ။ မဟုတ်ရင်တော့ ခံတွင်းထဲမှာ သွားရည်တွေ ပိုထွက်လာအောင် တွန်းအားပေးရာရောက်ပေမယ့် ပီကေထဲပါတဲ့ သကြားအချိုဓာတ်က သွားတွေကို ပုပ်သိုးဆွေးမြေ့စေတာကြောင့် ဖြစ်ပါတယ်။

သုတေသနပညာရှင်တွေကတော့ Xylitol နဲ့ Sorbitol တို့ဟာ ခံတွင်းအတွက် အန္တရာယ်ရှိတဲ့ ဘက်တီးရီးယားတွေကို ဆန့်ကျင်နိုင်တဲ့ အစွမ်းရှိပြီး ၎င်းတို့ထဲမှာပါတဲ့ သကြားတုကတော့ ခံတွင်းကို သန့်စင်အောင် ပြုလုပ်နိုင်စွမ်း ရှိကြတယ်လို့ ဆိုပါတယ်။ ဒီပီကေတွေဟာ သွားတွေပျက်စီးအောင်ပြုလုပ်နေတဲ့ ပိုးမွှားတွေကို တိုက်ခိုက်နိုင်ပြီး ကိုယ်ခံအားစနစ်ထဲ ပရိုတိန်းဓာတ်ထုတ်လုပ်မှုကို တိုးပွားစေနိုင်တယ်လို့ သုံးသပ်ထားပါတယ်။
Sugar-free ပီကေမျိုးစုံနဲ့ ပတ်သက်လို့ ပညာရှင်တွေဟာ အမျိုးမျိုး လေ့လာနေဆဲဖြစ်ပါတယ်။ လေ့လာချက်တွေအရတော့ ပီကေကို ထမင်းစားပြီးပြီးချင်း ဝါးတဲ့အခါ သွားပိုးပေါက်ဖြစ်တာတွေကို လျော့နည်းစေတယ်လို့ဆိုပါတယ်။

အချို့ကတော့ Sugar-free ပေမယ့် အသီးရနံ့ပါတဲ့ ပီကေတွေကို မစားသုံးကြဖို့ ဆိုပါတယ်။ အကြောင်းရင်းကတော့ အသီးရနံ့ပါ ပီကေတွေဟာ သွားတွေရဲ့ အပေါ်ယံကြွေလွှာတွေကို ပျက်စီးစေနိုင်တယ်လို့လည်း ဆိုနေကြပါတယ်။ လန်ဒန်က King’s College က သုတေသနပြုတဲ့အထဲမှာတော့ sugar-free ပီကေတွေကို စားသုံးကြသူတွေဟာ ပီကေမစားသူတွေထက်စာရင် (၂၈) ရာခိုင်နှုန်း ခံတွင်းရောဂါဖြစ်ပွားနှုန်း လျော့နည်းကြောင်းကိုလည်း သိရပါသေးတယ်။