Gym သွားတဲ့အခါ လူတွေက အလေးမရမှာ ကြောက်လေ့ရှိတတ်ကြပါတယ်။ အလေးမရင် ငါ့ခန္ဓာကိုယ်ကြီးက ဗလတွေ တောင့်လာပြီး အကြီးကြီးများ ဖြစ်သွားမလားဘာလားဆိုပြီး ထင်တတ်ကြပါတယ်။ ဒါပေမဲ့ ဒီလို အလေးလေးမရုံနဲ့တော့ ဗလကြီးဖြစ်လာမှာမဟုတ်ပါဘူး။ အလေးရဲ့ အလေးချိန်၊ ဆော့နည်း၊ နေထိုင်စားသောက်ပုံတွေလည်း လိုအပ်တာကိုး။ ဒီတော့ အလေးမခြင်းကြောင့် ရလာနိုင်တဲ့ ခန္ဓာကိုယ်ကောင်းကျိုးတွေအကြောင်း ပြောပြပေးချင်ပါတယ်။

အရိုးကျန်းမာရေး
အလေးမခြင်းဟာ ခန္ဓာကိုယ်ရဲ့ ကြွက်သားတွေကို တည်ဆောက်ပေးတဲ့အပြင်ကိုမှ တစ်ပြိုင်နက်တည်း အရိုးရဲ့ ကျန်းမာရေးကိုလည်း ကောင်းမွန်လာစေပါတယ်တဲ့။ အဓိကကတော့ အရိုးရဲ့ သိပ်သည်းဆပေါ့။ အဲဒါကြောင့် အလေးမတဲ့ အားကစားလုပ်တဲ့လူတွေဟာ အသက် ၄၅ နောက်ပိုင်း သာမန်လူတွေနဲ့ ယှဉ်ကြည့်လိုက်မယ်ဆိုရင် ပိုပြီး သန်မာနေတာကို တွေ့ရမှာပါ။

ကိုယ်ခံအားကောင်းစေတယ်
အလေးမခြင်းဟာ တော်ရုံတန်ရုံ နှာစေး ချောင်းဆိုးနဲ့ ရာသီတုပ်ကွေးတွေကိုပါ ခံနိုင်ရည်ရှိစေဖို့အတွက် တိုက်ထုတ်ပေးနိုင်ပါတယ်။ကြွက်သားတွေကိုပါ အားရှိစေရုံမကဘဲ သွေးလှည့်ပတ်မှုအားကောင်းပြီးတော့ ဆဲလ်တွေကိုပါ သန်စွမ်းစေတာကြောင့် အလေးမတဲ့လူတွေဟာ တော်ရုံ နေမကောင်းမဖြစ်တတ်ကြပါဘူး။

Metabolism နှုန်း
ကိုယ်အလေးချိန် လျော့ကျဖို့၊ ခန္ဓာကိုယ်ကျစ်လျစ်ပြီး အချိုးကျဖို့ဆိုတာ လူတစ်ယောက်ရဲ့ metabolism နဲ့ အများကြီးသက်ဆိုင်နေပါတယ်။ ဥပမာဆိုရရင် လူတစ်ယောက် ဝရာမှ ပိန်ချင်တယ်ဆိုရင် ခုန်ပေါက်နေရတဲ့ cardio အသားပေး လေ့ကျင့်ခန်းတွေချည်း လုပ်နေလို့မဖြစ်ပါဘူး။ အလေးပါတွဲမကာမှ အဆီတွေ ကျသွားတဲ့အခါ အသားက ကျစ်လျစ်ပြီး ပုံမှန်အတိုင်း ဖြစ်နေမှာပါ။ ဒီလိုဖြစ်ဖို့အတွက် အလေးမခြင်းဟာ ဇီဝရုပ်ဖြစ်ပျက်မှု လုပ်ဆောင်ချက်တွေကို အားကောင်းစေတဲ့ အကျိုးကျေးဇူးကို ပေးစွမ်းပါသေးတယ်။