လူအများစုဟာ နေ့စဉ်တစ်နေ့တာမှာ အကြိမ်များစွာနှာခေါင်းနှိုက်လေ့ရှိပါတယ်။ တစ်ခါတလေ သွားနေလာနေရင်းနဲ့ စားသောက်နေရင်းနဲ့တောင် နှာခေါင်းနှိုက်ကြသူတွေကို တွေ့ဖူးမှာပါ။ တကယ်တော့ နှာခေါင်းနှိုက်တာဟာ ကျန်းမာရေးနဲ့မညီညွတ်ပါဘူး။ အခန့်မသင့်တဲ့အခါ သေစေနိုင်တဲ့အထိ ဖြစ်တတ်တဲ့အကြောင်းကို CNN သတင်းကနေတစ်ဆင့် အခုလိုသိရပါတယ်။
တချို့လူတွေက နှာခေါင်းနှိုက်ပြီးရင် လက်မဆေးဘဲ တွေ့ကရာပစ္စည်းလျှောက်ကိုင်လေ့ရှိပါတယ်။ ဒါဟာ သူတို့ကိုယ်တိုင်ရဲ့ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်တွေကို နေရာအနှံ့ဆီလျှောက်ဖြန့်ပစ်ကြသလို အပြင်က ပိုးမွှားတွေကိုလည်း လက်ကနေတစ်ဆင့် နှာခေါင်းထဲရောက်အောင် သယ်ပို့ပေးနေတာဖြစ်ပါတယ်။

ဆိုလိုတာက နှာခေါင်းနှိုက်ပြီးတော့ ကိုယ့်ဆီမှာရှိတဲ့ ဗိုင်းရပ်စ်ပိုးကိုသူများဆီဖြန့်ဝေနိုင်သလို ကိုယ်တိုင်လည်း ကိုဗစ်အပြင်၊ အအေးမိဖျားနာ သို့မဟုတ် တုပ်ကွေးဖြစ်စေနိုင်တဲ့ ဗိုင်းရပ်စ်တွေကို မိမိခန္ဓာကိုယ်ထဲ ဖိတ်ခေါ်နိုင်ပါတယ်။ ကိုဗစ်ပိုးအနေနဲ့ ခန္ဓာကိုယ်ထဲကို အဓိကသုံးနေရာဖြစ်တဲ့ နှာခေါင်း၊မျက်လုံးနဲ့ ပါးစပ်တို့ကနေဝင်နိုင်ပါတယ်။ လူတွေရဲ့နှာခေါင်းဟာ ရောဂါဖြစ်ပွားစေတဲ့ပစ္စည်းတွေကို စစ်ထုတ်ပေးတဲ့ ကာကွယ်ရေးစနစ်ပေါင်းများစွာရှိပါတယ်။ ဥပမာပြောရရင် နှာခေါင်းအတွင်းထဲက နှာခေါင်းမွေးတွေဖြစ်ပြီး အမှုန်အမွှားအကြီးစားတွေ၊ နှပ်နဲ့ နှာရည်ထွက်တဲ့အမြှေး ချွဲမြှေးတွေ ခန္ဓာကိုယ်ထဲ မဝင်အောင် ပိတ်ဆို့ထားနိုင်ပါတယ်။ ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်တွေပါတဲ့ လေထဲလွင့်ပါနေတဲ့ ပန်းဝတ်မှုန်တွေ၊ အညစ်အကြေးနဲ့ဖုန်မှုန့်တွေ၊ အဏုမြူနဲ့ကြည့်မှမြင်နိုင်မယ့် သေးငယ်လွန်းတဲ့ပစ္စည်းစတွေ ကိုယ်ထဲမရောက်အောင် တားဆီးပေးပါတယ်။

နှာခေါင်းထဲနှိုက်တာနဲ့ နှာခေါင်းပေါက်အတွင်းက နူးညံ့လွန်းတဲ့မျက်နှာပြင်အတွင်းသားတွေမှာ ခြစ်ရာရှရာသေးသေးလေးတွေဖြစ်ကုန်ပါတယ်။ ဒါကြောင့်လည်း ပိုးမွှားတွေဟာ လက်ကနေတစ်ဆင့် နှာခေါင်း၊ နှာခေါင်းကနေတစ်ဆင့် ခန္ဓာကိုယ်သွေးကြောထဲကို ဝင်ရောက်လာနိုင်ပါတယ်။ အခုလို ကိုဗစ်ကဆက်လက်ပျံ့နေသေးတဲ့အချိန်မှာ နှာခေါင်းနှိုက်တတ်တဲ့အကျင့်ဟာ အန္တရာယ်များလွန်းတဲ့အတွက် ဆေးသိပ္ပံပညာရှင်တွေကတော့ နှာခေါင်းထဲနှိုက်တာထက်စာရင် ရေအသုံးပြုပြီး နှာခေါင်းတွင်း သန့်ရှင်းရေးလုပ်ကြဖို့၊ နှာခေါင်းတွင်းက အညစ်အကြေးတွေကို ဖယ်ရှားချင်တဲ့အခါ တစ်ရှူးတွေအသုံးပြုကြဖို့ တိုက်တွန်းထားကြောင်းလည်း သိရပါတယ်။