
အမေကို ဂရုစိုက်တယ်ဆိုတာ အမေလိုအပ်တဲ့ အရာတွေကို ဝယ်ပေးရုံနဲ့တင် မပြည့်စုံပါဘူး။ သားသမီးတစ်ယောက်အနေနဲ့ ကိုယ့်အမေကို အကောင်းဆုံးပေးနိုင်တဲ့ လက်ဆောင်တွေထဲက တစ်ခုကတော့ အမေနဲ့ ခရီးထွက်ခြင်းပါပဲ။ အခြားသူငယ်ချင်း၊ မိတ်ဆွေ အပေါင်းအသင်းတွေ တစ်ယောက်မှမပါဘဲ အမေနဲ့ ကိုယ်နဲ့ နှစ်ယောက်တည်း အတူခရီးထွက်တာကို ဆိုလိုတာပါ။ ခရီးရက်ရှည်သွားတာပဲ ဖြစ်ဖြစ်၊ စနေ၊ တနင်္ဂနွေ အားလပ်ရက်မှာ ရက်တိုခရီးလေး သွားတာပဲ ဖြစ်ဖြစ် အမေနဲ့ ခရီးအတူသွားတာဟာ သားအမိနှစ်ယောက်ကြားက ရင်းနှီးမှုကို ပိုခိုင်မာစေတဲ့အပြင် စိတ်ဖိအားကိုပါ လျော့ကျစေပါတယ်။ အောက်ဘက်မှာတော့ ဘာကြောင့် အမေ့ကို ခေါ်ပြီး တစ်နှစ်တစ်ကြိမ်တော့ ခရီးထွက်သင့်တယ်ဆိုတာ ပြောပြပေးထားပါတယ်။
ရင်းနှီးမှုတိုးစေတယ်

ကိုယ်က အိမ်ထောင်ကျလို့ သားသမီးရလို့ အိမ်ပြောင်းသွားတဲ့အခါ မိဘနဲ့ အလှမ်းဝေးသွားတာပါပဲ။ ဒါပေမယ့် ခရီးထွက်တဲ့အခါမှာတော့ တစ်ယောက်နဲ့တစ်ယောက် ညှိနှိုင်းမှုတွေ ပါလာပါမယ်။ ကိုယ်သွားချင်တဲ့ နေရာ၊ အမေသွားချင်တဲ့နေရာ၊ စားမယ့်အစားအသောက်လေးတွေ၊ ကိုယ့်ရဲ့ အဆင်ပြေမှုတွေ၊ အဆင်မပြေမှုတွေကို ခရီးသွားရင်းနဲ့ အမေ့ကို ရင်ဖွင့်ဆွေးနွေးနိုင်မှာ ဖြစ်ပါတယ်။
တစ်ယောက်အကြောင်း တစ်ယောက် ပိုသိလာတယ်
ခရီးသွားခြင်းဟာ တစ်ယောက်အကြောင်းတစ်ယောက် ပိုနားလည်လာစေပါတယ်။ မိခင်တွေအနေနဲ့ ကိုယ်ငယ်ငယ်လေးကတည်းက စောင့်ရှောက်မွေးမြူလာခဲ့တဲ့ သမီး၊ သား အဖြစ်နဲ့တင်မဟုတ်ပဲ ကိုယ့်ကို ပြင်ပလောကနဲ့ ဆက်ဆံနေတဲ့ လူကြီးတစ်ယောက်အဖြစ် မြင်လာပါလိမ့်မယ်။ ခရီးသွားတဲ့အခါ သားသမီးက အမေ့ရဲ့ ကိုယ်ရည်ကိုယ်သွေး အမှန်ကို လေ့လာနိုင်သလို အမေကလည်း ထိုနည်းတူပဲ လေ့လာနိုင်ပါလိမ့်မယ်။
အစီအစဉ်တွေ အတူဆွဲနိုင်တယ်

အမေနဲ့ ကိုယ်သွားတဲ့ခရီးစဉ်ဟာ ပြည်ပခရီးစဉ်လို အကြီးကြီး ဖြစ်နိုင်သလို မြို့လေးတစ်မြို့ဆီ သွားလည်အချိန်ဖြုန်းတဲ့ ခရီးတိုလေးလည်း ဖြစ်နိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် အမေနဲ့ သွားရတဲ့အတွက် ထူးခြားမှုတော့ ရှိနေမှာပါ။ ကိုယ်မရောက်ဖူးတဲ့ နေရာနဲ့ အမေသွားချင်တဲ့ နေရာလေးတွေကို ချိန်ထိုးရင်း ခရီးစဉ်ရွေးရတာ၊ ခရီးလမ်းကြောင်း ရွေးရတာကလည်း ပျော်ရွှင်စရာ တစ်မျိုးပါပဲ။
တစ်သက်စာ အမှတ်တရတွေကို ဖန်တီးနိုင်တယ်
အမေကို သွားချင်တဲ့နေရာ လိုက်ပို့ခွင့်ရတယ်၊ စိတ်ကြည်နူးအောင် ထားခွင့်ရတယ်ဆိုတာကလည်း အင်မတန် ကုသိုလ်ကံကောင်းသူတွေမှ ဒီလိုအခွင့်ထူးရတာပါ။ ကိုယ်နဲ့ ခရီးသွားစဉ်မှာ အမေလည်း ပျော်ရွှင်ရတယ်ဆိုရင် တစ်နေ့တစ်ချိန် အမေမရှိတော့တဲ့အခါ ဒါလေးတွေက ကိုယ့်အတွက် အမှတ်တရလေးတွေအဖြစ် ကျန်ရစ်စေမှာပါ။ အမေနဲ့ကိုယ် အတူသွားဖူးတဲ့ နေရာလေးတွေ၊ စားဖူးတဲ့ အစားအသောက်လေးတွေ၊ အမှတ်တရ အလွဲလေးတွေကို ပြန်တွေးရင်း အနည်းဆုံးတော့ အမေ့ကို စိတ်ချမ်းသာအောင် လုပ်ပေးခဲ့တာပဲလေ ဆိုပြီး ကိုယ့်ကိုယ်ကိုယ် ဖြေသိမ့်သွားနိုင်မှာလည်း ဖြစ်ပါတယ်။