လူတစ်ယောက်ဟာ ဝိတ်ချတော့မယ်ဆိုရင် အဆီဓာတ်ပါတဲ့ အစားအစာတွေကို လုံးဝရှောင်ပြီး စားသောက်ကြတာ များပါတယ်။ အဲဒီလိုလုပ်ရင် လူတော်တော်များများက ဝိတ်အမြန်ကျသွားနိုင်ပြီး ကျန်းမာသန်စွမ်းတဲ့ ခန္ဓာကိုယ်တစ်ခုကို ပိုင်ဆိုင်သွားပြီလို့ ထင်တတ်ကြပါတယ်။ အမှန်တော့ မဆိုင်ပါဘူး။ ဝိတ်ချချင်တဲ့ လူတစ်ယောက်အနေနဲ့လည်း အဆီဓာတ်ပါတဲ့ အစားအစာတွေကို လုံးဝကြီး ရှောင်လိုက်ဖို့ မလိုပါဘူး။ တကယ်လို့ ဝိတ်ချဖို့အတွက် အဆီဓာတ်ပါတဲ့ အစားအစာတွေကို လုံးဝမစားတော့ရင် သင့်ခန္ဓာကိုယ်မှာ ဘာတွေ ဖြစ်လာနိုင်သလဲဆိုတဲ့ အချက် ၅ ချက်ကို ပြောပြပေးချင်ပါတယ်။

၁။ သင်ဟာ အရင်ကထက် ဗိုက်ပိုဆာလာပါလိမ့်မယ်
တကယ်လို့များ သင်ဟာ အဆီဓာတ်ပါတဲ့ အစားအစာတွေကို လုံးဝမစားတော့ရင် သင်တစ်ခုခုစားပြီးတိုင်း ဗိုက်မဝဘဲ အမြဲလိုလို ဗိုက်ဆာနေပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ သင့်ခန္ဓာကိုယ်ထဲမှာ သတ်မှတ်ထားတဲ့ အဆီဓာတ်တောင် လုံးဝမရှိတော့တာကြောင့် အစာချေဖျက်တဲ့ စနစ်ဟာ အရမ်းမြန်နေတတ်ပါတယ်။ ဒါကြောင့် သင်ဘယ်လောက်စားစား ဗိုက်ဆာနေတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။
၂။ သင့်မှတ်ဉာဏ်ဟာ မသိမသာ မေ့မေ့တတ်လာနိုင်ပါတယ်
သင်သာ အဆီဓာတ်ပါတဲ့ အစားအစာတွေကို လုံးဝမစားဘဲ အချိန်ကြာကြာနေလာမယ်ဆိုရင်တော့ သင့်ရဲ့ မှတ်ဉာဏ်ဟာ အရင်ကလောက် မကောင်းတော့တာကို သင်တဖြည်းဖြည်းနဲ့ သတိထားမိလာပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ခန္ဓာကိုယ်ထဲမှာ ရှိသင့်ရှိထိုက်တဲ့ အဆီဓာတ်ပမာဏ မရှိတော့တာဟာ သင့်ဦးနှောက်အတွက် မကောင်းတာကြောင့်ပါပဲ။

၃။ နှလုံးနဲ့ပတ်သက်တဲ့ ရောဂါတွေ ဖြစ်လာနိုင်ပါတယ်
တော်တော်များများကြားဖူးကြမှာကတော့ အဆီဓာတ်ပါတဲ့ အစားအစာတွေကို စားပါများရင် နှလုံးအဆီဖုံးတာတို့၊ နှလုံးသွေးကြောကျဉ်းတာတို့ အစရှိတာတွေကို ဖြစ်စေနိုင်တာပါ။ အဲဒီလိုဖြစ်တာက သတ်မှတ်ထားတဲ့ အဆီဓာတ်ထက် ခန္ဓာကိုယ်ထဲမှာ ပိုရှိသွားရင်ပါ။ အကောင်းဆုံးကတော့ တစ်နေ့ကို လက်ဖက်ရည် ဇွန်းတစ်ဝက်လောက် သံလွင်ဆီကို သောက်ပေးခြင်းဖြင့် နှလုံးရောဂါဖြစ်နိုင်ခြေ ၁၅ ရာခိုင်နှုန်းကို လျှော့ချပေးနိုင်တာပဲ ဖြစ်ပါတယ်။
၄။ ပုံဖော်ချင်တဲ့ ကြွက်သားတစ်ခုကို တည်ဆောက်ဖို့ ခဲယဉ်းပါတယ်
လူတော်တော်များများက Gym ဆော့ပြီး ပြီးပြည့်စုံတဲ့ ခန္ဓာကိုယ်တစ်ခု ပုံဖော်ချင်ရင် ဝစေနိုင်ပြီး အဆီဓာတ်ပါတဲ့ အစားအစာတွေကို ရှောင်တတ်ကြပါတယ်။ တကယ်တော့ အဲဒီလို Muscle builder သမားတွေအတွက်က အဆီဓာတ်ပါတဲ့ အစားအစာကို သင့်တင့်လျောက်ပတ်ရုံစားပေးဖို့ လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ခန္ဓာကိုယ်ထဲမှာရှိတဲ့ အဆီဓာတ်ကသာ သင်ဖြစ်ချင်တဲ့ ကြွက်သားပုံစံတစ်ခုရအောင် အရမ်းအကူအညီပေးနိုင်လို့ ဖြစ်ပါတယ်။

၅။ ကိုယ်ခံအားနည်းတတ်ပါတယ်
ခန္ဓာကိုယ်ထဲမှာရှိတဲ့ fatty acids တွေဟာ ကိုယ်ခံအားစနစ်ကောင်းနဲ့ ပြင်ပရောဂါပိုးမွှားတွေ ခန္ဓာကိုယ်ထဲ ဝင်မလာအောင် တားဆီးပေးတတ်ပါတယ်။ တကယ်လို့ သင်သာ အဆီဓာတ်ပါတဲ့ အစားအစာတွေကို လုံးဝရှောင်လိုက်မယ်ဆိုရင်တော့ fatty acids မရှိတဲ့ သင့်ခန္ဓာကိုယ်ထဲကို ပြင်ပက ရောဂါပိုးမွှားတွေ အလွယ်တကူ ဝင်ရောက်တိုက်ခိုက်လာနိုင်ပါတယ်။