တစ်နေ့တစ်နေ့ ရုံးသွားဖို့ ပျင်းနေတာမျိုး၊ အိပ်ယာက မထချင်၊ အလုပ်အကြောင်းလည်း မစဉ်းစားချင်…အဲဒီလိုမျိုးတွေ ဖြစ်နေပြီလား။ တစ်ခါတလေကျရင် ဘာအကြောင်းမှ မရှိပဲ အလုပ်ကနေ ထွက်လိုက်တော့မယ်ဆိုတဲ့အတွေးမျိုး ဝင်လာတတ်ကြပါတယ်။ အဓိက အကြောင်းရင်းကတော့ ပျင်းနေလို့ပါပဲ။ စိတ်ထဲမှာ ဘာမှ လုပ်ချင်စိတ်မရှိတော့လောက်အောင် ပျင်းနေပြီး ကိုယ့်ကိုယ်ကိုယ် တွန်းအားပေးဖို့လိုနေပြီဆိုရင် ဒီနည်းလေးတွေကို သုံးကြည့်ပါလား..။
(၁)။ ကိုယ်ဘာအတွက်လုပ်နေရသလဲဆိုတာ ပြန်တွေးပါ

ကိုယ်လုပ်နေရတဲ့အလုပ်က ဘာအတွက်လုပ်နေရတာလဲဆိုတာ သေချာပြန်တွေးကြည့်ပါ။ ကိုယ်က မိသားစုကို ပြန်ပြီးထောက်ပံ့ဖို့အလုပ်လုပ်နေရတာလား ၊ ကိုယ့်ရဲ့နေထိုင်စားသောက်မှုအဆင်ပြေဖို့အတွက် အလုပ်လုပ်နေရတာလား၊ ဒါမှမဟုတ် ပိုက်ဆံရှိပေမယ့် အလုပ်မရှိပဲမနေချင်လို့ အလုပ်လုပ်နေတာလား..စသဖြင့် ပြန်တွေးကြည့်ပါ။ ကိုယ်က ပိုက်ဆံတွေပေါနေပြီး အလုပ်မလုပ်လည်းရတယ်ဆိုရင် ကိစ္စမရှိပေမယ့် အလုပ်မလုပ်ရင် အဆင်မပြေတဲ့အနေအထားမျိုးဆိုရင်တော့ အလုပ်သွားရမှာကို ပျင်းနေလို့မရဘူးလေ။
(၂)။ အဖြေရှာပါ
ဒီအလုပ်မှ မလုပ်ဘူးဆိုရင် ကိုယ်ဘာလုပ်မလဲ။ ကိုယ့်ဘာသာကိုယ် အဖြေရှာပါ။ ကိုယ်က တခြားအလုပ်တစ်ခုကို လွယ်လွယ်နဲ့ပြောင်းလို့ရတဲ့အနေအထားလား။ ဒါမှမဟုတ် အလုပ်ထွက်ပြီးတော့ တစ်လလောက် အေးအေးဆေးဆေး အနားယူလို့ရတဲ့အနေအထားလား ။ ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ပါ။ တကယ်လို့ ကိုယ့်ရဲ့လုပ်ငန်းအတွေ့အကြုံက နောက်အလုပ်တစ်ခုရဖို့မလွယ်သေးဘူး။ တစ်လလောက် အလုပ်နားနေပြန်ရင်လည်း စားဝတ်နေရေးအဆင်မပြေဘူးဆိုရင်တော့ သင့်အနေနဲ့ ပျင်းမနေပဲ အလုပ်သွားဖို့လိုတာပေါ့။

(၃)။ ကိုယ့်ရဲ့ဘဝတက်လမ်းတွေအကြောင်းတွေးပါ
ကိုယ်လက်ရှိလုပ်နေတဲ့အလုပ်က ကိုယ့်ဘဝအတွက် တက်လမ်းဘယ်လောက်ရှိသလဲဆိုတာ တွေးပါ။ ဒီအလုပ်ကနေ ကိုယ်ဘာတွေရမလဲ၊ နောက်ထပ် တစ်နှစ်၊နှစ်နှစ်လောက်ကြာရင် ဒီ့ထက်မြင့်တဲ့အလုပ်တစ်ခုကို ကူးပြောင်းလို့ရမလား၊ စသဖြင့် ကိုယ့်ဘဝရဲ့တက်လမ်းတွေအကြောင်း တွေးကြည့်ပါဦး။ ဒီလိုတွေးခြင်းကနေ သင့်ရဲ့အလုပ်လုပ်ချင်စိတ်ကို မြှင့်တင်ပေးမှာဖြစ်ပြီး အလုပ်လုပ်ဖို့ ပျင်းနေတော့မှာမဟုတ်ပါဘူး။
(၄)။ သတ်မှတ်ထားတဲ့အလုပ်ချိန်ထက်ပိုပြီး မလုပ်ပါနဲ့တော့
ကိုယ်က အလုပ်မပြီးလို့ပဲဖြစ်ဖြစ်၊ အချိန်ပိုတွေလုပ်နေရလို့ပဲဖြစ်ဖြစ် သတ်မှတ်ထားတဲ့အလုပ်ချိန်ထက် ပိုပြီးလုပ်နေမိရင်လည်း အလုပ်လုပ်ရလွန်းတဲ့စိတ်ကြောင့် ငြီးငွေ့လာတတ်ပါတယ်။ ကိုယ့်ရဲ့အချိန်အများစုကို အလုပ်အတွက်ပေးထားရသလိုဖြစ်နေပြီး ကိုယ်ပိုင်အချိန်ရှားပါးလွန်းတဲ့အနေအထားက အလုပ်လုပ်ရတာကို ပျင်းလာစေပါလိမ့်မယ်။ အဲဒီလို ခံစားနေရပြီဆိုရင် သတ်မှတ်ထားတဲ့အလုပ်ချိန်ထက်ပိုပြီး မလုပ်ဖို့ ကိုယ့်ကိုယ်ကိုယ်တွန်းအားပေးပါတော့။ ကိုယ့်ရဲ့ကိုယ်ပိုင်အချိန်လေးတွေမှာ စိတ်အပန်းဖြေတဲ့ကိစ္စလေးတွေလုပ်နေရင်းအလုပ်လုပ်ချင်စိတ်ကို ပြန်လည်မြှင့်တင်လို့ရပါတယ်။