နွေရာသီဟာ allergy ဖြစ်ပြီး အဖုအဖိန့်တွေဖြစ်ဖို့ ရာခိုင်နှုန်းအများဆုံး ရာသီဖြစ်ပါတယ်။ ကမ္ဘာ့လူဦးရေရဲ့ ၃၀% လောက်ဟာ ဓာတ်မတည့်မှုကို ပုံမှန်ခံစားနေရသူတွေဖြစ်ပါတယ်။ တိရိစ္ဆာန်အမွှေး၊ ပန်းရနံ့၊ ပင်လယ်စာ၊ ဖုန် စတဲ့ ဓာတ်မတည့်မှုများစွာရှိနေတဲ့အထဲ ပုံမှန်မဟုတ်၊ ဖြစ်လေ့ဖြစ်ထခဲတဲ့ ထူးထူးဆန်းဆန်းဓာတ်မတည့်မှုတွေကို ဖော်ပြပေချင်ပါတယ်။
(၁) Semen (seminal plasma hypersensitivity)
ပြောရရင်တော့ အမျိုးသားသုတ်ရည်မှာပါတဲ့ ပရိုတင်းဓာတ်နဲ့ မတည့်တဲ့ allergy မျိုးလို့ အလွယ်တကူသတ်မှတ်နိုင်ပါတယ်။ ကမ္ဘာ့အမျိုးသမီးတွေရဲ့ ၁၂% လောက်ဟာ ဒီဓာတ်မတည့်မှုကို ခံစားနေရတယ်လို့ ခန့်မှန်းထားကြပါတယ်။ ဓာတ်မတည့်မှုဟာ မကိုယ်တွင်းအင်္ဂါအတွင်း အမျိုးသားသုတ်ရည်ဝင်ရောက်တဲ့ အခြေအနေမျိုးမှာမှ ဖြစ်ပွားတတ်ပြီး လက္ခာတွေကတော့ မအင်္ဂါတစ်ဝိုက် နီရဲရောင်ရမ်းပြီး နာကျင်မှုကို ခံစားရတဲ့အပြင် မခံမရပ်နိုင်အောင် ယားယံခြင်းမျိုး ကြုံတွေ့ရတတ်ပါတယ်။ ဒီလက္ခဏာဟာ ပိုးဝင်ခြင်း၊ မှိုစွဲကပ်ခြင်းရောဂါများရဲ့ လက္ခဏာတွေနဲ့ ဆင်တူယိုးမှားဖြစ်တတ်ကြတာမို့ အများစုက ဓာတ်မတည့်ဘူးဆိုတာ သတိမထားမိတတ်ကြပါဘူး။ အကာအကွယ် သုံးမယ်ဆိုရင်တော့ ဓာတ်မတည့်မှုဖြစ်နိုငေ်ချ နည်းပါးနိုင်ပေမယ့် အတိအကျတော့ ပြောလို့မရနိုင်ပါဘူူး။

(၂) ရေ (aquagenic urticarial)
ရေနဲ့ဓာတ်မတည့်တဲ့ရောဂါကတော့ အရှားတကာ့အရှားဆုံး ဓာတ်မတည့်ခြင်းအမျိုးအစားတွေထဲ ပါဝင်နေပေမယ့် ဖြစ်ခဲ့တဲ့၊ လက်ရှိဖြစ်နေတဲ့ လူတွေရှိနေပါတယ်။ ရေနဲ့ထိတာနဲ့ အင်ပြင်လိုအဖိမ့်အကြီးတွေ ထလာမယ်၊ နီမြန်းလာပြီး မခံမရပ်နိုင်အောင်ယားယံခြင်းနဲ့ နာကျင်ခြင်းတို့ကို ဖြစ်စေကာ စိတ်ကသိကအောက်ဖြစ်စေတတ်ပါတယ်။ ဘယ်ရေရယ်လို့ တစ်သတ်မှတ်တည်းမရှိဘဲ ရေအမျိုးအစားအကုန်လုံးနဲ့ ဓာတ်မတည့်မှုဖြစ်နိုင်တာပါ။ ချိုးရေ၊ ရေကူးကန်ထဲမှရေ၊ မိုးရေတွေအပြင် တစ်ခါတစ်ရံ မျက်ရည်နဲ့တောင်မှ ဓာတ်မတည့်တတ်ကြပါဘူူး။

(၃) နေရောင်ခြည် (polymorphic light eruption or PLE)
နေရောင်နဲ့ထိလိုက်တဲ့နေရာဟာ အကွက်တွေဖြစ်သွားတတ်ပြီး ခြင်ကိုက်ဖုလို အဖုတွေ ထွက်လာတတ်ပါတယ်။ တစ်ရက် နှစ်ရက်လောက်အထိကို မပျောက်ဘဲ ရှိနေတတ်ပြီး များသောအားဖြင့်တော့ နွေဦးနဲ့ နွေရာသီတို့ရဲ့ နေရောင်ခြည်တွေက သက်ရောက်မှု ပိုဖြစ်စေပါတယ်။ ၁၀% သော လူဦးရေဟာ ဒီလိုဓာတ်မတည့်မှုမျိုးကို နွေရာသီတင်မဟုတ်ဘဲ ၁၂ ရာသီပတ်လုံး ခံစားနေရပါတယ်။ ကုသဖို့နည်းလမ်းကတော့ အခုထိ မရှိသေးပါဘူး။
(၄) တုန်ခါမှု (vibratory urticarial)
တုန်ခါမှုတွေအနည်းနဲ့အများထွက်လေ့ရှိတဲ့ လက်ခုတ်တီးတာ၊ ပြေးတာ၊ ကားတို့စက်ဘီးတို့စီးလို့ ခန္ဓာကိုယ်တုန်ခါတာတို့နဲ့ပါ ဓာတ်မတည့်တဲ့ရောဂါတစ်မျိုးပါ။ အဖုအပိမ့်တွေနဲ့ အနီစက်တွေ ထွက်လာနိုင်ပါတယ်။

(၅) ပင်လယ်စာအနံ့
ကမ္ဘာ့လူဦးရေရဲ့ ၂၀% လောက်ဟာ ပင်လယ်စာစားတာနဲ့ ဓာတ်မတည့်မှုတွေ ဖြစ်တတ်ကြသူတွေပါ။ သို့ပေမယ့် ၁၅% ကတော့ ပင်လယ်စာတွေကို စားဖို့မပြောနဲ့ သူတို့ရဲ့ ညှီစို့စို့အနံ့ရတာနဲ့တင်ကို allergy ဖြစ်တဲ့လူမျိုးတွေ ရှိနေပါတယ်။ ထူးဆန်းတာတစ်ခုက ပင်လယ်စာအစိမ်းအနံ့တွေနဲ့ဆိုရင်တော့ ဓာတ်မတည့်မှုအတွက် သက်ရောက်မှု မရှိဘဲ ချက်ပြီးကင်ပြီးတဲ့ ပင်လယ်စာအနံ့နဲ့ကျမှ ဓာတ်မတည့်တာဖြစ်ပေါ်တတ်တာပါ။

(၆) ချွေး (cholinergic urticarial or CU)
ကိုယ့်ခန္ဓာကိုယ်ကချွေးနဲ့တောင် ဓာတ်မတည့်ဖြစ်ပြီး နီမြန်းနေတဲ့အကွက်တွေနဲ့ အင်ပြင်လိုအဖိမ့်ကြီးတွေ ထတတ်ပါတယ်။ ခန္ဓာကိုယ်ရဲ့အပူချိန်ဟာ မြင့်တက်လာတတ်တဲ့အချိန်မျိုးတွေမှာ ဖြစ်ပေါ်တတ်ပါတယ်။ ဥပမာ လေ့ကျင့်ခန်းလုပ်တာတို့၊ ရေပူစမ်းနဲ့ ချွေးထုတ်ခန်းသွားတာမျိုး၊ ရာသီဥတုပူတာအပြင် ရေနွေးနဲ့ရေချိုးတဲ့အခြေအနေမျိုးတွေမှာပါ။
Source: Treated
Penny