Wednesday, October 4, 2023
HomeLifestyleအောင်မြင်သူတွေ အိပ်ရာမဝင်ခင်မှာ လုပ်လေ့လုပ်ထရှိတဲ့ အမူအကျင့်များ

အောင်မြင်သူတွေ အိပ်ရာမဝင်ခင်မှာ လုပ်လေ့လုပ်ထရှိတဲ့ အမူအကျင့်များ

အိပ်စက်ခြင်းဆိုတာ လူတွေအတွက် အလွန်အရေးပါတဲ့ ဖြစ်စဉ်တစ်ခုပါ။ တစ်နေ့တာလုံး  ပင်ပန်းနွယ်ခဲ့သမျှ စိတ်အတွက်ရော၊ ကိုယ်ခန္ဓာအတွက်ပါ နောက်တစ်နေ့တာအတွက် ခွန်အားများ ပြန်လည်ပြည့်လာဖို့အတွက် အလွန်အရေးကြီးတဲ့ ဖြစ်စဉ်ပါပဲ။


အခုတစ်ခေါက်တော့ အဲဒီလို အောင်မြင်သူတွေရဲ့ အိပ်ရာမဝင်ခင် ဘာတွေ လုပ်ကြသလဲဆိုတဲ့ လေ့လာချက်လေးတချို့ကို ဖော်ပြလိုက်ပါတယ်။

photography of a smiling woman
Photo by Andrea Piacquadio on Pexels.com
(၁) စာဖတ်ကြတယ်

စာဖတ်တယ်ဆိုတာ ကောင်းမွန်တဲ့ အရာတစ်ခုလို့ ပြောရင် ဘယ်သူမှ ငြင်းမယ်မထင်ပါဘူး။ ကျွမ်းကျင်သူတွေကတော့ စာဖတ်ခြင်းဟာ အောင်မြင်သူတွေအများစုရဲ့ သော့ချက်ပဲလို့တောင် ဆိုကြပါတယ်။

နိုင်ငံတကာစီးပွားရေးလုပ်ငန်းစုတွေအတွက် ဟောပြောချက်တွေကို ပို့ချနေသူတစ်ယောက်ဖြစ်တဲ့ Michael Kerr ကတော့ အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းသမားတိုင်း သူတို့ရဲ့ အိပ်ရာမဝင်ခင်အချိန်အတွက် စာအုပ်ဖတ်ဖို့ဆိုပြီး အချိန်သီးသန့်ခွဲထားတာမျိုးတွေ ရှိတယ်လို့ ဆိုပါတယ်။

စာအုပ်ဖတ်ရှု့ခြင်းအားဖြင့် အမြင်သစ်တွေရလာမယ်၊ တစ်ခါမှ မစဉ်းစားဖူးတဲ့ စဉ်းစားပုံရှူထောင့်အသစ်တွေလည်း ထွက်ပေါ်လာမယ်၊ နောက် လူတွေရဲ့ သဘောသဘာဝကို နားလည်လာမယ်၊ သင်ခန်းစာယူစရာတွေနဲ့ အခြားသော အမြင်သစ်တွေရရှိလာဖို့အတွက် အောင်မြင်သူတိုင်းရဲ့ ဟိုးယခင်ကတည်းက ကျင့်သုံးခဲ့တဲ့ နည်းလမ်းတစ်ခုပါပဲတဲ့။

(၂) နောက်နေ့လုပ်ဆောင်ရမယ့် စာရင်းကို ကြိုလုပ်ထားတယ်

အောင်မြင်သူတွေဟာ ညအိပ်ရာ မဝင်ခင်မှာ စိန်ခေါ်မှုတွေ၊ အခွင့်အလမ်းတွေနဲ့ ပြည့်နှက်နေမယ့် လာမယ့်နေ့သစ်ကို ရင်ဆိုင်ဖို့အတွက် အမြဲတမ်း ပြင်ဆင်ထားလေ့ ရှိပါတယ်တဲ့။ သူတို့ ညအိပ်ရာ မဝင်ခင်မှာ နောက်တစ်နေ့စာအတွက် ဘာတွေလုပ်ရမယ်၊ ဘယ်သူနဲ့ တွေ့ရမယ်၊ ဘယ်နေရာသွားရမယ်ဆိုတဲ့ အချက်အလက်တွေကို ကြိုတင်စဉ်းစားပြီး ချရေးထားလေ့ ရှိကြပါတယ်။ ဒီလို စာရင်းလုပ်ထားခြင်းအားဖြင့် လာမယ့်နေ့သစ် တစ်ရက်ကို အမျှော်အမြင်ကြီးစွာနဲ့ ကောင်းကောင်းရင်ဆိုင်နိုင်ဖို့အတွက် အများကြီးအထောက်အကူ ဖြစ်စေပါတယ်တဲ့။

(၃) မိသားစုကို အချိန်ပေးတယ်

လူတစ်ယောက် သူ့ရဲ့လုပ်ငန်းခွင်မှာ အောင်မြင်သည်ဖြစ်စေ၊ မအောင်မြင်သည်ဖြစ်စေ မိသားစုဆိုတာ အရေးကြီးဆုံးအဖွဲ့အစည်းလေးတစ်ခုပါပဲ။ အလုပ်ချည်းပဲ အလုပ်ဆက်တိုက် လုပ်နေရတာကြောင့် မိသားစုအတွက် အချိန်ကောင်းကောင်းမပေးနိုင်တာတွေဟာ ဆိုးဝါးလှတဲ့ အပြုအမူဖြစ်တယ်လို့လည်း ဆိုပါတယ်။ အောင်မြင်သူတွေ အကုန်လုံးနီးပါးဟာ အိပ်ရာမဝင်ခင်အချိန်တွေမှာ ကိုယ့်ရဲ့ မိသားစုအတွက် အချိန်ပေးပြီး နေလေ့ရှိကြပါတယ်။

(၄) တစ်နေ့တာလုံးကို ပြန်သုံးသပ်တယ်

အောင်မြင်သူတွေဟာ မိုးလင်းကနေ မိုးချုပ်အထိ အလုပ်တွေ ဆက်တိုက်လုပ်နေရတဲ့ အဖြစ်အပျက်တွေကို ညအိပ်ရာမဝင်ခင်အချိန်အတွင်းမှာပဲ ပြန်လည်ဆန်းစစ်ကြည့်လေ့ရှိပါတယ်။ ဒီနေ့အတွင်း သူ ဘာတွေ ရရှိခဲ့သလဲ၊ ဘာတွေ အားနည်းချက်ရှိနေလဲ၊ ဘာတွေ ဆုံးရှုံးခဲ့သလဲဆိုတာမျိုးကို အမြဲတွေးလေ့ရှိကြပါတယ်တဲ့။ ဒီလို ပြန်လည်တွေးတော ဆင်ခြင်ခြင်းအားဖြင့် လာမယ့် နေ့တွေအတွက် သူ ဘယ်လိုမျိုး ကျော်ဖြတ်နိုင်မလဲ၊ စိန်ခေါ်မှုတွေကို ဘယ်လိုရင်ဆိုင်နိုင်မလဲဆိုတာတွေရဲ့ အဖြေကို ရရှိလေ့ရှိကြပါတယ်။

photo of man wearing eyeglasses
Photo by fauxels on Pexels.com
(၅) တရားထိုင်တယ်

အောင်မြင်သူတွေဟာ ညအိပ်ရာမဝင်ခင်မှာ တရားထိုင်လေ့လည်း ရှိကြပါတယ်လို့ ဆိုပါတယ်။ ဒီလို တရားထိုင်ခြင်းအားဖြင့် ကိုယ်ခန္ဓာနဲ့ စိတ်ကို အကောင်းဆုံးအနေအထားတစ်ရပ်ဆီကို ပြောင်းလဲပေးနိုင်ပါတယ်တဲ့။ 

(၆) အလုပ်အကြောင်း မစဉ်းစားပဲ အိပ်ရာဝင်တယ်

ညအိပ်ရာဝင်အချိန်မှာ အလုပ်အကြောင်း ဘာမှမစဉ်းစားဘဲ အိပ်ရာဝင်တဲ့ အလေ့အကျင့်ဟာလည်း အောင်မြင်သူတော်တော်များများမှာ တွေ့ရှိရတဲ့ အလေ့အကျင့်ဖြစ်တယ်လို့ဆိုပါတယ်။ အလုပ်က ဝင်လာတဲ့ အီးမေးလ်တွေ၊ မနက်ဖြန်လုပ်ရမယ့် အလုပ်တွေ၊ တွေ့ဆုံရမယ့်လူတွေ စတာတွေကို ခေါင်းထဲက ထုတ်လိုက်ပြီး အပြည့်အဝအနားယူလေ့ရှိကြပါတယ်။

Ye Yint Kyaw

RELATED ARTICLES
- Advertisment -

Most Popular

%d bloggers like this: