နို့ထွက်ပစ္စည်းတွေကို စားသုံးခြင်းရဲ့အဓိကကောင်းကျိုးက အရိုးနဲ့သွားတွေကို ခိုင်မာစေပြီး ခန္ဓာကိုယ်ရဲ့ထုထည်ကိုထိန်းသိမ်းပေးတာပါ။ ဒါပေမဲ့ ဒီလိုအကျိုးကျေးဇူးတွေကို ကလေးငယ်တွေက ပိုလိုအပ်ပါတယ်။ အရွယ်ရောက်ပြီးသူတွေကတော့ ကျန်းမာတဲ့နေ့စဉ်ဘဝကိုဖြတ်သန်းဖို့ ဒီလိုနို့ထွက်ပစ္စည်းတွေကို အရမ်းလိုအပ်နေတာတော့မဟုတ်ပါဘူး။ အကြောင်းရင်းကတော့ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အဓိကအာဟာရတွေကို တခြားအစားအသောက်တွေကနေတစ်ဆင့် အစားထိုးစားသောက်နိုင်လို့ပဲဖြစ်ပါတယ်။
အခုအခါမှာတော့ နို့ထွက်ပစ္စည်းကို စားနေကျအစားအသောက်တွေထဲကဖြတ်လိုက်ရင် ဘာဖြစ်နိုင်လဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။

ခေါင်းကိုက်ဝေဒနာသက်သာနိုင်တယ်
နို့ထွက်ပစ္စည်းတွေဟာ တကယ်တော့ ခေါင်းကိုက်ခြင်းကိုဖြစ်စေနိုင်တဲ့ အစားအသောက်တွေပါ။ ဒါကြောင့် တကယ်လို့ သင့်မှာစိတ်ဖိစီးမှုလည်းမရှိဘူး၊ ကောင်းကောင်းအိပ်ပျော်တယ်၊ ကော်ဖီလည်း သိပ်မသောက်ဘူး။ ဒါတောင်မှ ခေါင်းကိုက်နေသေးတယ်ဆိုရင်တော့ နို့ထွက်ပစ္စည်းတွေကြောင့် ဖြစ်နိုင်ပါတယ်။ နို့ထွက်ပစ္စည်းတွေကို မစားသောက်ဘဲနေကြည့်ပါ။ ခေါင်းကိုက်တာ သက်သာကောင်း သက်သာလာနိုင်ပါတယ်။
စိတ်ပိုင်းဆိုင်ရာ ပိုတည်ငြိမ်လာနိုင်တယ်
နို့ထွက်ပစ္စည်းတွေထဲက ဟော်မုန်းအများအပြားဟာ ခန္ဓာကိုယ်က ဘက်တီးရီးယားတွေနဲ့ ပြဿနာဖြစ်နိုင်ပါတယ်။ ဒီဟော်မုန်းတွေရောနှောသွားတဲ့အခါ စိတ်အတက်အကျမြန်တာမျိုး ဖြစ်ပါတယ်။ တကယ်လို့ သင်ဟာ အဲဒီနို့ထွက်ပစ္စည်းတွေကိုမစားဘဲဖြတ်လိုက်ရင်တော့ ထပ်တိုးဟော်မုန်းတွေမရှိနိုင်တော့ဘဲ စိတ်ပိုင်းဆိုင်ရာ ပိုတည်ငြိမ်လာမှာ ဖြစ်ပါတယ်။

အသားအရေ ကြည်လင်သွားမယ်
နို့ထွက်ပစ္စည်းနဲ့ဓာတ်မတည့်သူတွေကတော့ ဝက်ခြံတွေထွက်နိုင်ခြေများပါတယ်။ သိရတာက နို့ထွက်ပစ္စည်းတွေဟာ ဝက်ခြံတွေပေါက်အောင် လှုံ့ဆော်ပေးတဲ့ ဟော်မုန်းအမျိုးမျိုးပါဝင်နေတယ်ဆိုပါတယ်။ သင့်မှာလည်း ဒီလိုပြဿနာရှိတယ်ဆိုရင်တော့ နို့ထွက်ပစ္စည်းတွေကို ရှောင်နိုင်ရင်ကောင်းပါတယ်။
နို့ထွက်ပစ္စည်းတွေထဲပါဝင်တဲ့ အာဟာရတန်ဖိုး
နို့ထွက်ပစ္စည်းတွေမှာ ကျန်းမာရေးအကျိူးကျေးဇူးတွေ အများကြီးရှိပါတယ်။ နို့ထွက်ပစ္စည်းတွေမှာ ကယ်လ်ဆီယမ်၊ ပရိုတင်း ဗီတာမင်ဓာတ်တွေကြွယ်ဝစွာပါဝင်ပါတယ်။ ကလေးဘဝနဲ့ မြီးကောင်ပေါက်အရွယ်မှာ အာဟာရဓာတ်တွေ ပြည့်ဝစွာရဖို့က ပိုအရေးကြီးပါတယ်။ မဟုတ်ရင်တော့ အလွယ်တကူ ဖျားနာနိုင်ခြေများပါတယ်။ တကယ်လို့ စာဖတ်သူက နို့ထွက်ပစ္စည်းတွေကိုမစားဘဲ ရှောင်ဖို့ စဉ်းစားနေတယ်ဆိုရင်တော့ ဆာဒင်း၊ ဆယ်မွန်နဲ့အပင်အခြေပြု နို့တွေကို သုံးဆောင်သင့်ကြောင်း ဖော်ပြပေးလိုက်ပါတယ်။