သက်တူရွယ်တူ သူငယ်ချင်းတွေမှာ အတွဲကိုယ်စီရှိနေကြပေမယ့် မိမိမှာ ခုထိ တစ်ကိုယ်တည်း Single ဖြစ်နေရတာဟာ အကြောင်းမဲ့ သက်သက်တော့ မဟုတ်ပါဘူး။ လူကောင်းနဲ့မတွေ့လို့၊ ဖူးစာရှင်အစစ်နဲ့မဆုံသေးလို့ဆိုတဲ့စကားလုံးတွေဟာ အကြောင်းပြချက်သက်သက်ပါ။ ဒီကိစ္စရဲ့နောက်ကွယ်မှာ အဓိကအကြောင်းအရင်းတစ်ခု ရှိပါတယ်။ စိတ်ပညာရှင်တွေကတော့ ဒါဟာ ကိုယ့်ကိုယ်ကို အရမ်းအထင်ကြီးလွန်းတာကြောင့်လို့ ဆိုပါတယ်။

(၁၉၈၂-၁၉၉၉)ကြားမွေးဖွားလာကြတဲ့ သူတွေဟာ တခြားမျိုးဆက် (generation)တွေထက်ကိုယ့်ကိုယ်ကို အရမ်းအားကိုးလွန်းတယ်၊အရမ်း အထင်ကြီးလွန်းတယ်လို့ Jean Twenge ဆိုတဲ့(PhD) ဒေါက်တာရဲ့စာအုပ်တစ်အုပ်ထဲမှာဖော်ပြထားပါတယ်။ကိုယ့်ကိုယ်ကို အားကိုးတယ်ဆိုတာဟာကောင်းပေမယ့် အရမ်းအထင်ကြီးလွန်းတာကတော့ မကောင်းဘူးလို့ ဆိုပါတယ်။

(၂၀၀၀)ခုနှစ်ဝန်းကျင်မှာ မွေးဖွားကြသူတွေဟာ တစ်စုံတစ်ယောက်နဲ့ တွဲခဲ (ဒိတ်)လုပ်ခဲကြပြီး၊ Single ဘဝနဲ့ပဲ အချိန်ကုန် ဖြတ်သန်းတတ်ကြပါတယ်။ ဒါကြောင့် တစ်ဦးချင်းအရည်အချင်း စွမ်းရည်ပိုင်းမှာ ပိုတော် ပိုအားသန်လာကြပြီး လူအချင်းချင်း ပတ်သက်ဆက်နွယ်မှုမှာတော့ အားနည်းလာကြပါတယ်။ ဒါကြောင့် နောက်ဆုံးမှာတော့ ကိုယ့်ကိုယ်ကိုပဲ အားကိုးတာ အလေ့အကျင့်လိုဖြစ်နေတဲ့ သူတို့အတွက်တော့ တစ်စုံတစ်ယောက်ကို အားကိုးမှီခိုလိုက်ဖို့ဆိုတာဟာ အရမ်းကို ခက်ခဲတဲ့အရာတစ်ခု ဖြစ်လာပါတယ်။

ကိုယ့်ကိုယ်ကို ချစ်တာ၊လက်ခံတာကသာ သူတို့ဘဝအတွက် အရေးအကြီးဆုံးအရာလို့ လက်ခံလာတတ်ကြပါတယ်။ တခြားလူတစ်ယောက်ရဲ့ အတွေးကို ဂရုမစိုက်ဘဲ၊ ကိုယ့်ကိုယ်ကိုပဲ စိတ်ကျေနပ်အောင်၊ ဘယ်လိုပျော်အောင်နေမလဲ လို့ပဲ တွေးလာကြပါတယ်။ ကိုယ့်ကိုယ်ကို စိတ်ကျေနပ်မှုရှိအောင် နေတယ်ဆိုတဲ့အရာဟာ သိပ်ကောင်းတဲ့အရာပါ။ ဒါပေမယ့်လည်း တစ်ဖက်ကကြည့်ရင်တော့ ယုတ္တိမဆန်တဲ့ မဖြစ်သင့်တဲ့အပိုင်းဆိုတာရှိပါတယ်။ တစ်စုံတစ်ယောက်ရဲ့ လိုအပ်ချက်၊အလိုဆန္ဒကို ဖြည့်ဆည်းပေးစရာအကြောင်းမရှိဘူး၊ အလေးထားပေးဖို့မလိုဘူး စတဲ့ အတွေးမျိုးဟာလည်း မဖြစ်သင့်ပါဘူး။
ချစ်ရသူတွေကို တော်သင့်ရုံမှီခို အလေးထား ချစ်ခင်ပြီး နေသွားတာကမှ ရေရှည်အတွက်အထီးမကျန်ဘဲ အသက်ကြီးတဲ့အထိ ပျော်ရွှင်စရာဘဝမျိုးကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။

ကိုယ့်ကိုကိုယ်ယုံကြည်တယ်(self-confident)ရှိတယ်၊ ကိုယ့်ကိုကိုယ်ချစ် တယ်ဆိုတဲ့စိတ်ဟာ တစ်စုံတစ်ယောက်နဲ့တွဲမယ်၊ဒိတ်လုပ်မယ် ဆိုတဲ့အခြေ အနေမျိုးမှာဆိုရင်တော့ တကယ့်ကိုကြီးမားတဲ့ ပြသာနာ အနှောင့်အယှက် အတားအဆီးကြီးပါ။လူတော်တော်များများ ပြောလေ့ရှိပါတယ်။”ကိုယ့်ကိုကိုယ် ချစ်ပါ။ကိုယ့်ကိုကိုယ်အားကိုးပါ။သာယာလှပတဲ့ ဘဝကို ကိုယ်တိုင်ဖန်တီးနိုင်ပါ တယ်။”ဒီစကားတွေဟာ မမှန်တာတော့ မဟုတ်ပေမယ့် တစ်ချို့စိတ်ပညာ ရှင်တွေကတော့ (၂၀၀၀)ခုနှစ်ဝန်းကျင်မှာ မွေးဖွားကြတဲ့ (Millennials Generation)တွေအနေနဲ့တော့ ကိုယ့်ကိုကိုယ်ချစ်တဲ့စိတ်၊ယုံကြည်လွန်း တဲ့စိတ်ကို အကန့်အသတ်လေးတော့ ထားပေးသင့်တယ်လို့ မြင်နေကြပါတယ်။