တရားထိုင်တယ်ဆိုတာ တော်တော်လေးကို ကောင်းမွန်တဲ့ အလေ့အကျင့်တစ်ခုပါပဲ။ ဒါပေမယ့် တရားထိုင်တာကို မကြိုက်တဲ့ လူတွေလည်း ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ တရားစထိုင်တဲ့ အချိန်မှာဆိုရင် ကိုယ့်ရဲ့စိတ်ကို ထိန်းချုပ်ဖို့ အရမ်းခက်ခဲလို့ပါပဲ။ အဲဒီလို ကိုယ့်ရဲ့စိတ်ကို မထိန်းချုပ်နိုင်တဲ့ လူတွေကတော့ တရားထိုင်တာကို မကြိုက်ကြပါဘူး။ အဲဒီလိုလူတွေအတွက် တစ်ခုပြောချင်တာကတော့ ဘယ်အလုပ်မဆို စစလုပ်ချင်းမှာ အရမ်းခက်ခဲ့ပါတယ်။ ဒါပေမယ့် ကိုယ်လုပ်တာကျွမ်းကျင်လာတာနဲ့အမျှ အလုပ်က အလိုလို လွယ်ကူသွားတတ်ပါတယ်။ ဒါ့ကြောင့် တရားထိုင်တာ ကြာလာတာနဲ့အမျှ ကိုယ့်ရဲ့စိတ်ကို ထိန်းချုပ်နိုင်သွားပြီဆိုရင် အဲဒီလိုတစ်ယောက်မှာ ကောင်းကျိုးတွေ အများကြီး ရလာစေနိုင်ပါတယ်။ ဒါ့ကြောင့် ဒီနေ့မှာတော့ Shwemom ပရိသတ်ကြီးကို တရားထိုင်ရင် ဘယ်လိူမျိုး အကျိုးကျေးဇူးတွေ ရနိုင်မလဲဆိုတာကို ပြောပြပေးချင်ပါတယ်။

ပထမဦးဆုံးကတော့ ကိုယ့်ရဲ့ အတွင်းစိတ်ဟာ တော်တော်လေး အေးချမ်းလာပါလိမ့်မယ်။ တရားထိုင်နေတဲ့ အချိန်တွေမှာဆိုရင် လူတော်တော်များများမှာရှိတဲ့ မကောင်းတဲ့ အတွေးတွေနဲ့ စိတ်အညစ်အကြေးတွေ တော်တော်များများ သူ့အလိုလို ပျောက်ကွယ်သွားတတ်ပါတယ်။ လူတိုင်းမှာ ဘဝပြသနာတွေ ရှိစမြဲပါ။ အဲဒီလို အခြေအနေမျိုးနဲ့ ကြုံတွေ့လာတဲ့ လူတစ်ယောက်ဟာ တရားထိုင်တတ်အောင် ထိုင်ကြည့်လိုက်ပါ။ အဲဒီလို တရားထိုင်လိုက်လို့ ပြသနာတွေဟာ မပြေလည်နိုင်သွားပေမယ့် ကိုယ့်ရဲ့ အတွင်းစိတ်ဟာ အေးချမ်းတည်ငြိမ်ပြီး ဖြေရှင်းဖို့နည်းလမ်းကို လွယ်လွယ်ကူကူနဲ့ ရှာတွေ့စေနိုင်မှာပဲ ဖြစ်ပါတယ်။

နောက်တစ်ခုကတော့ ကောင်းကောင်း အိပ်ပျော်စေနိုင်တာပါပဲ။ အခုလို COVID 19 ကာလကြီးမှာ လူတိုင်းလိုလို စိတ်ရှုပ်တာတွေ၊ အဆင်မပြေတာတွေကို ကြုံတွေ့နိုင်ပြီး ညဖက်တွေမှာ အဲဒီစိတ်ရှုပ်မှုတွေကြောင့် အလွယ်တကူအိပ်စက်ဖို့ ခက်ခဲနေပါလိမ့်မယ်။ မအိပ်ခင်လေး တရားထိုင်ကြည့်လိုက်ပါ။ စိတ်ရှုပ်နေတဲ့ အရာတွေကို ခဏတာမေ့သွားပြီး အိပ်စက်မယ့်အချိန်မှာ ကိုယ့်ရဲ့စိတ်က ကြည်ကြည်လင်လင်လေးနဲ့ အိပ်ပျော်သွားနိုင်မှာ ဖြစ်ပါတယ်။

နောက်ဆုံးတစ်ချက်ကတော့ ကိစ္စတိုင်းလိုလိုမှာ သေသေချာချာ အာရုံစိုက်တတ်နိုင်လာပါလိမ့်မယ်။ တရားထိုင်တဲ့အခါမှာ လူတော်တော်များများကတော့ ဝင်လေထွက်လေကို အဓိက မှတ်ရှုပြီး တရားထိုင်ကြတာပါ။ ဒီလိုမျိုး တရားထိုင်လာတာ အချိန်ကြာလာတာနဲ့အမျှ တရားထိုင်တဲ့ လူတစ်ယောက်ဟာ သာမန်လူတွေထက် ကိစ္စတိုင်းလိုလိုမှာ focus လုပ်လာနိုင်ပါလိမ့်မယ်။ သူများတွေ အလွယ်တကူ focus မလုပ်နိုင်တဲ့ ကိစ္စမျိုးတွေမှာပါ ကိုယ်က အလွယ်တကူ အာရုံစိုက်နိုင်တဲ့ လူတစ်ယောက်ဖြစ်လာမှာတော့ အမှန်ပါပဲ။
Pyi Hein Kyaw