Home

  • သူစိမ်းသုံးယောက် တည်ဆောက်ထားတဲ့ အချစ်တွေနဲ့ပြည့်နေတဲ့ မိသားစုလေးအကြောင်း ကြည့်ရမယ့် “Go Ahead”

    သူစိမ်းသုံးယောက် တည်ဆောက်ထားတဲ့ အချစ်တွေနဲ့ပြည့်နေတဲ့ မိသားစုလေးအကြောင်း ကြည့်ရမယ့် “Go Ahead”

    အဆင်မပြေတဲ့ မိသားစုတွေမှာ ကြီးပြင်းလာခဲ့ရတဲ့ လူသုံးယောက်ဟာ သူတို့ရဲ့အိမ်တွင်ရှာမတွေ့နိုင်တဲ့ ချစ်ခြင်းမေတ္တာကို လိုချင်တောင့်တကြတာကြောင့် မိသားစုလိုမျိုး နွေးထွေးချစ်ခင်စွာ ဆက်ဆံကြပါတယ်။ အကြီးဆုံးအစ်ကို Ling Xiao, အလတ် He Zi Qiu နဲ့ ညီမအငယ်ဆုံးလေး Li Jian Jian တို့ဟာ တစ်ယောက်နဲ့တစ်ယောက် သူတို့ရွေးချယ်ထားတဲ့လမ်းကို ပံ့ပိုးကူညီရင်း ဘဝရဲ့ပျော်ရွှင်မှု၊ ဝမ်းနည်းမှုတွေကို အတူမျှဝေနေထိုင်လာခဲ့ကြတာပဲ ဖြစ်ပါတယ်။

    pinterest.com

    Ling Xiao နဲ့ He Zi Qiu အထက်တန်းကျောင်းပြီးဆုံးသွားတဲ့အချိန်မှာ သူတို့ရဲ့မူလမိသားစုတွေဆီကို ပြန်သွားခဲ့ကြပါတယ်။ ကိုးနှစ်အကြာမှာတော့ သူတို့သုံးဦးပြန်လည်ဆုံတွေ့ခဲ့ကြပေမယ့် သူတို့ရဲ့ အတိတ်ကမိသားစု ဝမ်းနည်းဖွယ်အဖြစ်အပျက်တွေက အရိပ်တစ်ခုလို လိုက်ပါနေဆဲပါ။ သူတို့သုံးယောက် ဒီပြဿနာတွေကို ပိုကောင်းမွန်တဲ့ပုံစံနဲ့ ဖြေရှင်းနိုင်ပြီး အကောင်းဆုံးရှင်သန်ရပ်တည်နိုင်ပါ့မလားဆိုတာကို ကြည့်ရှုရမယ့် ဇာတ်လမ်းတွဲကောင်းလေးတစ်ခုပဲ ဖြစ်ပါတယ်။

    pinterest.com

    Go Ahead တရုတ်ဇာတ်လမ်းတွဲလေးကို Ding Zi Guang က ရိုက်ကူးပုံဖော်ထားတာဖြစ်ပြီး Wang Xiong Cheng နဲ့ Shui Qian Mo တို့က ဇာတ်ညွှန်းရေးသားထားတာ ဖြစ်ပါတယ်။ အဓိကသရုပ်ဆောင်တွေအဖြစ် မင်းသား Zhang Xi Lin, Tu Song Yan, Zhang Xin Cheng, Song Wei Long နဲ့ မင်းသမီး Tan Song Yun တို့က ပါဝင်သရုပ်ဆောင်ထားကြတာပါ။

    Go Ahead တရုတ်ဇာတ်လမ်းတွဲလေးကို ကြည့်ရှုချင်တယ်ဆိုရင်တော့ https://www.viu.com/ott/mm/mya/all/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

  • မျောက်ဘုရင်ရဲ့ ထူးထူးခြားခြားအချစ်ဇာတ်လမ်းကိုကြည့်ရမယ့် “A Korean Odyssey”

    မျောက်ဘုရင်ရဲ့ ထူးထူးခြားခြားအချစ်ဇာတ်လမ်းကိုကြည့်ရမယ့် “A Korean Odyssey”

    အနောက်အရပ်သို့ စွန့်စားခန်း (A Korean Odyssey) ဟာ မင်းသား Lee Seung-gi, Cha Seung-won, Lee Hong-gi, Jang Gwang နဲ့ မင်းသမီး Oh Yeon-seo တို့ပါဝင်သရုပ်ဆောင်ထားတဲ့ စိတ်ကူးယဉ် ကိုးရီးယားဇာတ်လမ်းတွဲတစ်ခု ဖြစ်ပါတယ်။ Hong sisters ရေးသားထားတဲ့ 16 ရာစု တရုတ်ဂန္တဝင် Journey to the West ဝတ္ထုကို ပြန်လည်ဆန်းသစ်ကာ ရိုက်ကူးပုံဖော်ထားတာပဲ ဖြစ်ပါတယ်။

    Instagram

    ဇာတ်လမ်းပုံစံက Son Oh-gong (Lee Seung-gi) နဲ့ Woo Ma-wang (Cha Seung-won) တို့ဟာ မကောင်းဆိုးဝါးတွေပေါများနေတဲ့ အမှောင်ကမ္ဘာတွင် စစ်မှန်တဲ့အလင်းရောင်ကို ရှာဖွေရင်း အချင်းချင်း ပဋိပက္ခတွေ ဖြစ်ပွားနေခဲ့ကြပါတယ်။ နောက်ပြီး ငယ်ငယ်ကတည်းက သရဲ၊ တစ္ဆေတွေကို မြင်နိုင်စွမ်းရှိတဲ့ Jin Seon-mi နဲ့ Oh-gong တို့ဟာ လွန်ခဲ့တဲ့ 25 နှစ်ခန့်က စာချုပ်တစ်ခုကို ချုပ်ဆိုခဲ့ကြဖူးတာ ဖြစ်ပါတယ်။ သူတို့ရဲ့အပေးအယူကတော့ ကောင်းကင်ဘုံက အကျဉ်းချခြင်းကို ခံထားရတဲ့ Son Oh-gong ကို လွတ်မြောက်ခွင့်ပေးမှာဖြစ်ကာ ဒီအတွက်ပြန်ပေးဆပ်ရမှာက Seon-mi အကူအညီလိုတဲ့အချိန်တိုင်းမှာ Son Oh-gong က ရောက်လာပြီး သူမကိုကာကွယ်ပေးရမှာဖြစ်ပါတယ်။

    Instagram

    ဒါပေမယ့် Seon-mi က Son Oh-gong ကို လွှတ်ပေးလိုက်တဲ့အချိန်မှာပဲ သူမရဲ့မှတ်ဉာဏ်ကိုခိုးယူကာ Oh-gong ထွက်ပြေးသွားခဲ့ပါတယ်။ Seon-mi အရွယ်ရောက်လာတဲ့အချိန်မှာတော့ Oh-gong နဲ့ မထင်မှတ်ဘဲ ဆိုးလ်တွင်ပြန်လည်ဆုံတွေ့ခဲ့တာဖြစ်ပြီး သူမကို ကာကွယ်စောင့်ရှောက်ပေးဖို့ ဖြစ်လာခဲ့ပါတယ်။

    ဒါရိုက်တာ Park Hong-kyun, Kim Jung-hyun နဲ့ Kim Byung-soo တို့ကရိုက်ကူးထားတဲ့ ဒီဇာတ်လမ်းတွဲဟာ စိတ်ကူးယဉ် အချစ်ဟာသ သည်းထိတ်ရင်ဖိုစတဲ့ ရသစုံပေးစွမ်းနိုင်တဲ့ ဇာတ်လမ်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ အနောက်အရပ်သို့ စွန့်စားခန်း (A Korean Odyssey) ဇာတ်လမ်းတွဲကို https://www.viu.com/ott/mm/mya/all/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

  • သင်သိဦးမှာ မဟုတ်တဲ့ အလေးမခြင်းကြောင့်ရရှိနိုင်မယ့် ခန္ဓာကိုယ်အကျိုးကျေးဇူးများ

    သင်သိဦးမှာ မဟုတ်တဲ့ အလေးမခြင်းကြောင့်ရရှိနိုင်မယ့် ခန္ဓာကိုယ်အကျိုးကျေးဇူးများ

    Gym သွားတဲ့အခါ လူတွေက  အလေးမရမှာ ကြောက်လေ့ရှိတတ်ကြပါတယ်။ အလေးမရင် ငါ့ခန္ဓာကိုယ်ကြီးက ဗလတွေ တောင့်လာပြီး အကြီးကြီးများ ဖြစ်သွားမလားဘာလားဆိုပြီး ထင်တတ်ကြပါတယ်။ ဒါပေမဲ့ ဒီလို အလေးလေးမရုံနဲ့တော့ ဗလကြီးဖြစ်လာမှာမဟုတ်ပါဘူး။ အလေးရဲ့ အလေးချိန်၊ ဆော့နည်း၊ နေထိုင်စားသောက်ပုံတွေလည်း လိုအပ်တာကိုး။ ဒီတော့ အလေးမခြင်းကြောင့် ရလာနိုင်တဲ့ ခန္ဓာကိုယ်ကောင်းကျိုးတွေအကြောင်း ပြောပြပေးချင်ပါတယ်။

    person holding barbell
    Photo by Victor Freitas on Pexels.com

    အရိုးကျန်းမာရေး

    အလေးမခြင်းဟာ ခန္ဓာကိုယ်ရဲ့ ကြွက်သားတွေကို တည်ဆောက်ပေးတဲ့အပြင်ကိုမှ တစ်ပြိုင်နက်တည်း အရိုးရဲ့ ကျန်းမာရေးကိုလည်း ကောင်းမွန်လာစေပါတယ်တဲ့။ အဓိကကတော့ အရိုးရဲ့ သိပ်သည်းဆပေါ့။ အဲဒါကြောင့် အလေးမတဲ့ အားကစားလုပ်တဲ့လူတွေဟာ အသက် ၄၅ နောက်ပိုင်း သာမန်လူတွေနဲ့ ယှဉ်ကြည့်လိုက်မယ်ဆိုရင် ပိုပြီး သန်မာနေတာကို တွေ့ရမှာပါ။

    woman holding exercise equipment
    Photo by Pixabay on Pexels.com

    ကိုယ်ခံအားကောင်းစေတယ်

    အလေးမခြင်းဟာ တော်ရုံတန်ရုံ နှာစေး ချောင်းဆိုးနဲ့ ရာသီတုပ်ကွေးတွေကိုပါ ခံနိုင်ရည်ရှိစေဖို့အတွက် တိုက်ထုတ်ပေးနိုင်ပါတယ်။ကြွက်သားတွေကိုပါ အားရှိစေရုံမကဘဲ သွေးလှည့်ပတ်မှုအားကောင်းပြီးတော့ ဆဲလ်တွေကိုပါ သန်စွမ်းစေတာကြောင့် အလေးမတဲ့လူတွေဟာ တော်ရုံ နေမကောင်းမဖြစ်တတ်ကြပါဘူး။

    man holding dumbbell
    Photo by Cesar Galeão on Pexels.com

    Metabolism နှုန်း

    ကိုယ်အလေးချိန် လျော့ကျဖို့၊ ခန္ဓာကိုယ်ကျစ်လျစ်ပြီး အချိုးကျဖို့ဆိုတာ လူတစ်ယောက်ရဲ့ metabolism နဲ့ အများကြီးသက်ဆိုင်နေပါတယ်။ ဥပမာဆိုရရင် လူတစ်ယောက် ဝရာမှ ပိန်ချင်တယ်ဆိုရင် ခုန်ပေါက်နေရတဲ့ cardio အသားပေး လေ့ကျင့်ခန်းတွေချည်း လုပ်နေလို့မဖြစ်ပါဘူး။ အလေးပါတွဲမကာမှ အဆီတွေ ကျသွားတဲ့အခါ အသားက ကျစ်လျစ်ပြီး ပုံမှန်အတိုင်း ဖြစ်နေမှာပါ။ ဒီလိုဖြစ်ဖို့အတွက် အလေးမခြင်းဟာ ဇီဝရုပ်ဖြစ်ပျက်မှု လုပ်ဆောင်ချက်တွေကို အားကောင်းစေတဲ့ အကျိုးကျေးဇူးကို ပေးစွမ်းပါသေးတယ်။

  • နိုင်ငံရေးလိုအပ်မှုအရ လက်ထပ်ခဲ့ပေမယ့် နောက်ဆုံးချစ်မိသွားကြတဲ့ သူတို့နှစ်ဦးရဲ့ဇာတ်လမ်း “Jodha Akbar”

    နိုင်ငံရေးလိုအပ်မှုအရ လက်ထပ်ခဲ့ပေမယ့် နောက်ဆုံးချစ်မိသွားကြတဲ့ သူတို့နှစ်ဦးရဲ့ဇာတ်လမ်း “Jodha Akbar”

    အမုန်းမေတ္တာ (Jodha Akbar) ဇာတ်လမ်းတွဲဟာ 2013 ခုနှစ်က ထုတ်လွှင့်ပြသခဲ့တဲ့ အိန္ဒိယသမိုင်းနောက်ခံ ဇာတ်လမ်းတွဲတစ်ခုဖြစ်ပြီး မင်းသား Rajat Tokas နဲ့ မင်းသမီး Paridhi Sharma တို့က အဓိကပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲတွင် ဇာတ်ရုပ်အပေါ် ပီပြင်စွာသရုပ်ဆောင်စွမ်းရည်တွေကြောင့် ပရိသတ်တွေရဲ့ ချီးကျူးခြင်းကို ခံခဲ့ရတဲ့ ဇာတ်လမ်းတွဲကောင်းတစ်ခုလည်း ဖြစ်ပါတယ်။

    youtube.com

    Jodha Akbar ဇာတ်လမ်းတွဲဟာ အိန္ဒိယနိုင်ငံရဲ့ ကံကြမ္မာကို ပြောင်းလဲစေမယ့် အခြေအနေတစ်ခုတွင် နိုင်ငံရေးအရ လက်ထပ်ခြင်းပြုကြရမယ့် Jodha Bai နဲ့ Akbar တို့ရဲ့ ချစ်ခြင်းမေတ္တာကိုအလေးပေး ရိုက်ကူးပုံဖော်ထားတာပါ။ အဲဒီအချိန်ကာလရဲ့ စစ်ပွဲအခြေအနေတွေနဲ့ Mugals နဲ့ Rajputs တို့ကြား ဆက်ဆံရေးတွေအတွင်း Jodha Bai နဲ့ Akbar တို့နှစ်ယောက် အခက်အခဲအကျပ်အတည်းတွေကို ဘယ်လိုမျိုးရင်ဆိုင်ဖြေရှင်းသွားကြမလဲဆိုတာကို ကြည့်ရှုရမယ့် ဇာတ်လမ်းတွဲကောင်းတစ်ခုပဲ ဖြစ်ပါတယ်။

    youtube.com

    နောက်ပြီး ဒီဇာတ်လမ်းတွဲတွင် နိုင်ငံလည်ပတ်နေတဲ့ စနစ်တွေ၊ တရားရုံးတွေ၊ အရာရှိတွေ၊ ဝန်ကြီးတွေနဲ့ Jodha Bai နဲ့ Akbar တို့ရဲ့ အချစ်ဇာတ်လမ်းကို မြင်တွေ့ရမှာဖြစ်ကာ နောက်ဆုံးတွင် Mugals ဧကရာဇ် Jalaluddin Muhammad က အိန္ဒိယပြည်သူတွေထံမှ ‘Akbar’ ဘွဲ့ရရှိပုံကိုလည်း ပြသထားတာပဲ ဖြစ်ပါတယ်။  

    အမုန်းမေတ္တာ (Jodha Akbar) ဇာတ်လမ်းတွဲကို မြန်မာစာတန်းထိုးဖြင့် https://www.viu.com/ott/mm/mya/all/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

  • ကိုယ်တိုင်သတိမထားမိဘဲ အရေပြားပြဿနာတွေ ဖြစ်လာရခြင်း အကြောင်းရင်းများ

    ကိုယ်တိုင်သတိမထားမိဘဲ အရေပြားပြဿနာတွေ ဖြစ်လာရခြင်း အကြောင်းရင်းများ

    မိမိတောင် သတိမထားမိဘဲ အရေပြားပြဿနာတွေ ကြုံတွေ့နေရတဲ့ အကြောင်းရင်း‌တွေ ရှိနိုင်ပါတယ်။ ဥပမာ မျက်နှာကို နေ့စဉ် ဆေးကြောသန့်စင်ပေးတာ၊ ပူပြင်းတဲ့ နေရောင်ခြည်ထဲသွားရင် နေရောင်ကာခရင်မ်လိမ်းပေးတာ စသဖြင့်ပါ။ စာဖတ်သူက မျက်နှာနဲ့ အရေပြားကို ဘယ်လောက်ပဲ ဂရုစိုက်ပါတယ် ဆိုထားဦး၊ တစ်ခါတလေ သတိမမူမိဘဲ ကိုယ်လုပ်လေ့ရှိတဲ့ အပြုအမူတွေဟာ အသားအရေကို ထိခိုက်ပျက်စီးစေတတ်ပါသေးတယ်။ အောက်ဘက်မှာတော့ လူတွေ ပြုလုပ်လေ့ရှိတဲ့ အမူအကျင့်တွေကနေ ဘယ်အရာတွေကတော့ အသားအရေကို ထိခိုက်ယိုယွင်းစေတယ်ဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

    ပါးမှာ ဖုန်းဖိပြောခြင်း

    happy woman talking on smartphone in spring city
    Photo by Tim Douglas on Pexels.com

    လူတွေဟာ လက်ကိုင်ဖုန်းတွေကို နေရာမရွေး ကိုင်လေ့ရှိပါတယ်။ အိတ်ထဲလည်း ထည့်၊ စားပွဲခုံပေါ်၊ ခုံတွေပေါ်မှာ ဟိုနားတင် ဒီနားတင်နဲ့ လုပ်ကြပါတယ်။ တစ်ခါတလေ အိမ်သာထဲတောင် ယူသွားကြပါသေးတယ်။ ဖုန်းတွေမှာ ဖုန်မှုန့်၊ အညစ်အကြေးနဲ့ ပိုးမွှားတွေဟာ ကပ်နေတတ်ပါတယ်။ ဒါကြောင့် မသန့်ရှင်းတဲ့ ဖုန်းတွေကို ပါးပေါ်မှာ ဖိကပ်ပြီး ဖုန်းမပြောသင့်ပါဘူး။ ဒီလိုအမူအကျင့်ဟာ မျက်နှာက ချွေးပေါက်လေးတွေကို ပိတ်စေတဲ့အပြင် ဝက်ခြံတွေ ထွက်လာအောင် တွန်းအားပေးပါတယ်။

    ခေါင်းအုံးစွပ်တွေကို မလျှော်ဘဲထားခြင်း

    လူတွေဟာ ညဘက်မှာ ခေါင်းအုံးပေါ် မျက်နှာအပ်ပြီး နာရီပေါင်းများစွာနေရတာကြောင့် မျက်နှာအသားအရေအတွက် ခေါင်းအုံးတွေဟာ အရေးကြီးပါတယ်။ မျက်နှာနဲ့ အချိန်အကြာကြီး ထိတွေ့ရတဲ့ ခေါင်းအုံးတွေကို လျှော်ဖွပ်ဖို့လိုတဲ့အပြင် မျက်နှာသုတ်ပဝါ၊ မိတ်ကပ်ဘရက်ရှ်တွေနဲ့ မိတ်ကပ်လိမ်းတို့ဖတ်တွေကိုပါ ပုံမှန်ဆေးကြောသန့်စင်ဖို့ လိုအပ်ပါတယ်။

    အဆီပါဝင်တဲ့ အလှကုန်ပစ္စည်းများ အသုံးပြုခြင်း

    မျက်နှာသန့်စင်ဆီ oil cleanser တွေနဲ့ ခန္ဓာကိုယ်လိမ်းအဆီတွေဟာ ဈေးကွက်မှာ အားပေးဝယ်ယူသူတွေများတဲ့ ပစ္စည်းတွေ ဖြစ်ပါတယ်။ ဒါပေမယ့် တချို့အလှကုန်ပစ္စည်းတွေက သူများနဲ့အရမ်းတည့်ပေမယ့် ကိုယ်နဲ့ကျတော့ အဆင်မပြေတာတွေ ရှိတတ်ပါတယ်။ သိပ်ဆိုးရင် မျက်နှာမှာ ဝက်ခြံဖုအကြီးကြီးတွေထွက်ပြီး အသားအရေ ပျက်စီးပြောင်းလဲသွားတာမျိုးတွေတောင် ရှိပါတယ်။ တချို့တွေက မျက်နှာအရေပြားသန့်စင်စေဖို့ရယ်၊ အရေပြားရဲ့ သဘာဝအဆီကို သင့်တင့်မျှတအောင် ညှိပေးဖို့အတွက် oil cleanser တွေကို အသုံးပြုကြပါတယ်။ ဒါပေမယ့် oil cleanser အများစုက ဝက်ခြံဖြစ်အောင် ပိုလှုံ့ဆော်တာကြောင့် skin oil နဲ့ oil cleanser တွေကို သုံးမယ်ဆိုရင် သေချာရွေးချယ်ပြီးမှ ဝယ်ယူတာ အကောင်းဆုံးပါ။

    မျက်နှာကို ကြိမ်ဖန်များစွာ ကိုင်တွယ်ထိတွေ့ခြင်း

    တကယ်လို့ စာဖတ်သူဟာ မျက်နှာကို မကြာခဏ ထိတွေ့တတ် ပွတ်သပ်တတ်သူဆိုရင်တော့ ဒီအကျင့်ကို နည်းနည်းလေး ဂရုပြုသင့်ပါတယ်။ မျက်နှာကို ခဏခဏ ထိတွေ့တာ၊ မေးစေ့အောက် လက်ထောက်ပြီး နေတာတွေဟာ မျက်နှာအသားအရေအတွက် မသင့်လျော်ပါဘူး။ လက်မှာက အဆီတွေ၊ ဘက်တီးရီးယားတွေအပြင် တခြားဖုန်မှုန့်နဲ့ အညစ်အကြေးတွေလည်း ရှိနိုင်တာကြောင့် ဝက်ခြံပေါက်နိုင်ခြေကို ပိုမြင့်တက်စေပါတယ်။ ဒါ့အပြင် မျက်လုံးကို ခဏခဏ လက်နဲ့ ပွတ်သပ်တာမျိုးလည်း မပြုလုပ်သင့်ပါဘူး။ ဘာကြောင့်လဲဆိုတော့ အရေပြားအောက်မှာရှိတဲ့ နူးညံ့တဲ့ ဆံခြည်မျှင်သွေးကြောလေးတွေက လက်နဲ့ ခဏခဏ ပွတ်သပ်တဲ့အခါ ကျိုးပျက်သွားပြီး အရွယ်မတိုင်ခင် စောစောစီးစီး ပါးရည်တွန့်တာတွေ ဖြစ်စေတတ်ပါတယ်။ ဒါကြောင့် အထက်ပါ အမူအကျင့်တွေကို ရှောင်ရှားပြီး ကျန်းမာနုပျိုတဲ့ အသားအရေတွေကို ပိုင်ဆိုင်နိုင်ကြစေဖို့ ဖော်ပြပေးလိုက်ရပါတယ်။

  • လျှို့ဝှက်ဆန်းကြယ် စိတ်ကူးယဉ်မှုခင်းဇာတ်လမ်းတွဲ စွမ်းအားရှင် စုံထောက်(Memorist)

    လျှို့ဝှက်ဆန်းကြယ် စိတ်ကူးယဉ်မှုခင်းဇာတ်လမ်းတွဲ စွမ်းအားရှင် စုံထောက်(Memorist)

    စွမ်းအားရှင် စုံထောက် (Memorist) ကိုးရီးယားဇာတ်လမ်းတွဲဟာ 2020 ခုနှစ်ထွက် ဇာတ်လမ်းတွဲတစ်ခုဖြစ်ပြီး မင်းသား Yoo Seung-ho, Jo Sung-ha နဲ့ မင်းသမီး Lee Se-young တို့က အဓိကပါဝင်သရုပ်ဆောင်ထားကြတာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲဟာ စာရေးဆရာ Jae Hoo ရဲ့နာမည်တူ Daum webtoon ကို အခြေခံရိုက်ကူးထားတာပါ။

    Instagram

    လူတွေရဲ့မှတ်ဉာဏ်တွေကို ဖတ်ရှုနိုင်စွမ်းရှိတဲ့ Dong Baek ဟာ ရဲတပ်ဖွဲ့စုံထောက်တစ်ယောက်အနေဖြင့် ရာဇဝတ်မှုတွေကို ကိုင်တွယ်ဖြေရှင်းပေးနေတာ ဖြစ်ပါတယ်။ လူသတ်မှုတွေ ဆက်တိုက်ဖြစ်ပွါးလာတဲ့အခါမှာတော့ Dong Baek ဟာ လူသတ်သမားကိုရှာဖွေပြီး နောက်ထပ်သေဆုံးမှုတွေကို တားဆီးဖို့ အရည်အချင်းရှိတဲ့ ရာဇဝတ်မှုခင်း စစ်ဆေးရေး ကျွမ်းကျင်သူ Han Sun-mi နဲ့ ပူးပေါင်းလုပ်ဆောင်ခဲ့ပါတယ်။ လူသတ်သမားကိုရှာဖွေကြတဲ့အချိန်မှာတော့ ဒီအမှုဟာ သူတို့ထင်ထားတာထက် ပိုရှုပ်ထွေးနက်နဲနေခဲ့တာပါ။

    ဤဇာတ်လမ်းတွဲတွင် မင်းသား Yoo Seung-ho က Dong Baek အဖြစ်ပါဝင်ထားပြီး ရာဇဝတ်ကောင်တွေကိုဖမ်းရန် အရမ်းကိုစိတ်အားထက်သန်တဲ့ ရဲတစ်ယောက်အဖြစ် မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။ သူဟာ လူတစ်ယောက်ရဲ့အရေပြားကို ထိတွေ့လိုက်ရုံနဲ့ အဲဒီလူရဲ့ မှတ်ဉာဏ်တွေကို ဖတ်ရှုနိုင်တဲ့ သဘာဝလွန်စွမ်းအားကို ပိုင်ဆိုင်ထားတာလည်း ဖြစ်ပါတယ်။

    Instagram

    မင်းသမီး Lee Se-young ကိုတော့ အထူးစုံစမ်းရေးအဖွဲ့ချုပ်ရဲ့ အသက်အငယ်ဆုံး ကြီးကြပ်ရေးမှူး Han Sun-mi အဖြစ် မြင်တွေ့ရမှာဖြစ်ကာ သူမဟာအစက ရှေ့နေတစ်ဦးဖြစ်ခဲ့ပေမယ့် လွန်ခဲ့တဲ့အနှစ် 20 က သူမဖခင်သေဆုံးမှုနဲ့ပတ်သက်ပြီး အမှန်တရားကိုရှာဖွေရန် ရဲအရာရှိဖြစ်လာခဲ့ပါတယ်။ မင်းသား Jo Sung-ha က ရဲဌာနတစ်ခုလုံးရဲ့ အကြီးအကဲ Lee Shin-woong အဖြစ် ပါဝင်ထားတာပဲ ဖြစ်ပါတယ်။

    စွမ်းအားရှင် စုံထောက် (Memorist) ကိုးရီးယားဇာတ်လမ်းတွဲကို https://www.viu.com/ott/mm/mya/all/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

  • ကျိုးတိုးကျဲတဲ နှုတ်ခမ်းမွေး မုတ်ဆိတ်မွေးဘဝကနေ လွတ်မြောက်စေဖို့ နည်းလမ်းများ

    ကျိုးတိုးကျဲတဲ နှုတ်ခမ်းမွေး မုတ်ဆိတ်မွေးဘဝကနေ လွတ်မြောက်စေဖို့ နည်းလမ်းများ

    အမျိုးသားမှန်ရင် မျက်နှာမှာရှိနေတဲ့ နှုတ်ခမ်းမွေးတို့၊ မုတ်ဆိတ်မွေးတို့ ထူထဲချင်တတ်ကြတာ ထုံးစံပါပဲ။ အပြောင်ရိတ်ကာမှသာရိတ်ရော အရှည်ထားတဲ့အခါကျရင် နှုတ်ခမ်းမွေးတွေ၊ မုတ်ဆိတ်မွေးတွေ ကျိုးတိုးကျဲတဲနဲ့ဆို ကြည့်မလှဘူးနော်။ ဒါကြောင့် ထူထူသိပ်သိပ်နဲ့ လှလှပပ ပေါက်စေဖို့အတွက် နည်းလမ်းလေးတွေကို မျှဝေပေးလိုက်ပါတယ်။

    (၁) အသားအရေကိုထိန်းသိမ်းပါ

    အမွေးနဲ့ အသားအရေနဲ့ ဘာဆိုင်လို့လဲလို့ မေးခွန်းထုတ်ကြမယ်မှန်းသိပါတယ်။ မျက်နှာမှာရှိတဲ့ အမွေးအမျှင်တွေဟာ အသားခြောက်တဲ့လူတွေမှာဆိုရင် ပါးတတ်ကြပါတယ်။ ဒါကြောင့် မျက်နှာကို အစိုဓာတ်ပြည့်ဝနေစေဖို့အတွက် moisturizer လိမ်းပါ။ ပုံမှန် ကြေးချွတ်ပေးပါ။ ကြေးချွတ်ပေးလိုက်ရင် ချွေးပေါက်တွေ ပွင့်လာစေပြီး မွေးညှင်းပေါက်တွေကိုပါ လမ်းပွင့်စေပါတယ်။

    anonymous asian man with green facial mask
    Photo by Monstera on Pexels.com

    (၂) ချွေးများများထွက်မယ့် လေ့ကျင့်ခန်းလုပ်ပါ

    ကာဒီရိုတို့၊ ဘောက်စင်တို့၊ အပြေးလေ့ကျင့်တာတို့လိုမျိုး ချွေးအများကြီးထွက်တဲ့ လေ့ကျင့်ခန်းတွေဟာ သွေးလှည့်ပတ်မှုကို ကောင်းစေပါတယ်။ ဒီလိုအချိန်မျိုးမှာ အမွေးတွေကို ပိုသန်စေဖို့ လိုအပ်တဲ့ ဓာတ်နဲ့ ဟော်မုန်းတွေကို ထုတ်လွှတ်ပေးတာမလို့ လေ့ကျင့်ခန်းလုပ်ပေးတာလည်း နည်းလမ်းတစ်မျိုးပါပဲ။

    (၃) ဆံပင်အတိုင်း သန့်ရှင်းရေးလုပ်ပါ

    မုတ်ဆိတ်မွေး၊ နှုတ်ခမ်းမွေးနဲ့ ပါးသိုင်းမွေးတို့ကို ရှည်ရှည်ထူထူရှိနေတဲ့လူတွေဟာ ဆံပင်အတိုင်းပဲ ခေါင်းလျှော်ရည်နဲ့လျှော်ပြီး ပေါင်းဆေးတွေဘာတွေ သုံးပေးရမှာပါ။ မဟုတ်ရင် အမွေးတွေပါးပြီး ကျွတ်လာနိုင်ပါတယ်။

    person holding gray straight razor
    Photo by Nikolaos Dimou on Pexels.com

    (၄) ပုံမှန်လေးညှပ်ပြီး ပုံသွင်းပါ

    မိန်းကလေးတွေရဲ့ ဆံပင်လိုပါပဲ။ မုတ်ဆိတ်နဲ့ နှုတ်ခမ်းမွေးတို့ရဲ့ အဖျားလေးတွေကို ကျွမ်းကျင်ပညာရှင်နဲ့ သေချာလေး ပုံမှန်ပုံသွင်းပေးမယ်ဆိုရင် အရှည်မြန်လာစေမှာဖြစ်ပါတယ်။

    (၅) လိုအပ်တဲ့ဆေးဝါးများ

    ဗီတာမင် B, D နဲ့ E, biotin, copper, zinc, magnesium, iron စတဲ့ဓာတ်တွေဟာ မုတ်ဆိတ်နဲ့ နှုတ်ခမ်းမွေးအပြင် ဆံပင်သန်စွမ်းမှုကိုပါ အားပေးတာကြောင့် ဒီဓာတ်တွေပါတဲ့ အစားအသောက် သို့မဟုတ် ဖြည့်စွက်ဆေးဝါးတွေကို မှီဝဲနိုင်ပါတယ်။ ဒီအပြင် ပါးသိုင်းမွေးအတွက် သီးသန့်ထုတ်ထားတဲ့ serum တွေ၊ ဆီတွေကိုလည်း သုံးဖို့ ဝန်မလေးပါနဲ့။

  • တက္ကသိုလ်ကျောင်းသားဘဝ ကြည်နူးဖွယ် လူငယ်အချစ်ဇာတ်လမ်းလေး ‘ဂျာကင်အဟောင်းလေး’

    တက္ကသိုလ်ကျောင်းသားဘဝ ကြည်နူးဖွယ် လူငယ်အချစ်ဇာတ်လမ်းလေး ‘ဂျာကင်အဟောင်းလေး’

    ဂျာကင်အဟောင်းလေး မြန်မာရုပ်ရှင်ဇာတ်ကားဟာ Bo Bo Film Production မှ ထုတ်လုပ်ဖြန့်ချိထားတာဖြစ်ပြီး ဒါရိုက်တာ အောင်ဇော်လင်းရိုက်ကူးပုံဖော်ထားကာ ဇာတ်ညွှန်း မိုးနီလွင်က ရေးသားထားတာ ဖြစ်ပါတယ်။ ဒီဇာတ်ကားတွင် သရုပ်ဆောင်တွေအနေနဲ့ လွှမ်းပိုင်၊ သူရိယ၊ ခင်ဝင့်ဝါ၊ ဂျိုကာ၊ သိန်းလင်းစိုးနဲ့ တခြားသရုပ်ဆောင်များစွာက ပါဝင်သရုပ်ဆောင်ထားကြတာပဲ ဖြစ်ပါတယ်။

    youtube.com

    ဇာတ်လမ်းပုံစံက ရန်ကုန်မြို့ကို တက္ကသိုလ်တက်ဖို့ရောက်လာခဲ့တဲ့ လင်းညို့တစ်ယောက် ကျောင်းမှာကောင်မလေးတစ်ယောက်ကို မြင်မြင်ချင်း စိတ်ဝင်စားသွားခဲ့တာကြောင့် အဲဒီကောင်မလေးအကြောင်းကို သူ့ရဲ့ဒိုင်ယာရီစာအုပ်လေးထဲမှာ ရေးမိတဲ့အထိပါပဲ။ သူရေးထားခဲ့တဲ့ ဒီကောင်မလေးအကြောင်းကို သူ့ရဲ့သူငယ်ချင်းတွေက သိသွားခဲ့ပြီးနောက်မှာတော့ ဒီကောင်မလေးကိုရှာနိုင်ဖို့ ကြိုးစားကြပါတော့တယ်။

    သူငယ်ချင်းအစ်ကိုဖြစ်သူရဲ့ အကူအညီဖြင့် လင်းညို့တွေ့ခဲ့တဲ့ ကောင်မလေးကို အတန်းတိုင်းမှာရှာကြည့်ခဲ့ပေမယ့် မတွေ့ခဲ့တာကြောင့် စိတ်ပျက်ခဲ့ရပါတယ်။ ဒါပေမယ့် လက်မလျှော့သေးဘဲ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူသစ် ကြိုဆိုပွဲနေ့တွင် ဒီကောင်မလေးကိုရှာဖို့ စီစဉ်ခဲ့ကြပြီး နောက်ဆုံးမှာတော့ လင်းညို့တစ်ယောက် သူသဘောကျတဲ့ကောင်မလေးကို တွေ့ခဲ့ရပါပြီ။

    youtube.com

    သူသဘောကျနေတဲ့ ကောင်မလေးက တစ်ကျောင်းလုံးရဲ့အလှဆုံးသူတစ်ယောက်ဖြစ်ပြီး သူမရဲ့နာမည်က ပိုးဥပါ။ သူရှာနေတဲ့ ကောင်မလေးကို တွေ့ခွင့်ရခဲ့ပေမယ့် အဆင့်ချင်းကွာနေသလို ခံစားခဲ့ရတဲ့ လင်းညို့ဟာ သူ့ရဲ့ခံစားချက်တွေကို မျိုသိပ်ဖို့ဆုံးဖြတ်ခဲ့ပေမယ့် ပိုးဥဒုက္ခရောက်နေချိန်မှာတော့ သူမျက်ကွယ်ပြုမနေနိုင်ခဲ့ပါဘူး။ တစ်ဖက်မှာလည်း ပိုးဥကိုအသည်းအသန်သဘောကျနေတဲ့ မင်းထင်သာကလည်း ပိုးဥအနားမှာ ရှိနေခဲ့တာပါ။

    လင်းညို့တစ်ယောက် တကယ်ပဲပိုးဥအပေါ်ထားတဲ့ သူ့ရဲ့ခံစားချက်တွေကို ဒီလိုပဲအပြီးတိုင် ဖုံးကွယ်ထားလိုက်တော့မှာလား။ ပိုးဥနဲ့ လင်းညို့တို့ရဲ့ဆက်ဆံရေးက ဘယ်လိုမျိုးပြောင်းလဲလာမလဲဆိုတာကို ကြည့်ရှုရမယ့် လူငယ်အချစ်ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်။ ဂျာကင်အဟောင်းလေး ဇာတ်ကားကို https://www.viu.com/ott/mm/mya/all/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

  • ဆေးလိပ်သောက်သူတိုင်း စားသုံးပေးသင့်တဲ့ နီကိုတင်းစစ်ထုတ်စေတဲ့ အစားအသောက်များ

    ဆေးလိပ်သောက်သူတိုင်း စားသုံးပေးသင့်တဲ့ နီကိုတင်းစစ်ထုတ်စေတဲ့ အစားအသောက်များ

    ဆေးလိပ်သမားတိုင်းဟာ အဆုတ်နဲ့ သွေးတွင်းဓာတ်ထဲမှာ နီကိုတင်းဓာတ်တွေနဲ့ ပြည့်နှက်နေတတ်ပါတယ်။ ဒါကြောင့် သင်ဟာဆေးလိပ်သောက်သူတစ်ယောက်ဖြစ်နေမယ်ဆိုရင် သင့်ရဲ့ ခန္ဓာကိုယ်ထဲမှာရှိနေတဲ့ နီကိုတင်းအဆိပ်အတောက်ဓာတ်တွေကို လျော့သထက်လျော့အောင် လုပ်ပေးဖို့ လိုအပ်နေပါတယ်။ ဒီလိုလုပ်ဖို့ဆိုရင် အစားအသောက်နဲ့ ဘယ်လိုမျိုး ဖြေရှင်းကြမယ်ဆိုတာကို မျှဝေပေးချင်ပါတယ်။

    (၁) မုန်လာဥနီ

    ဆေးလိပ်သောက်တဲ့လူတွေဟာ ဗီတာမင် A, C နဲ့ K ဓာတ်တွေ လျော့နည်းနေတတ်ပါတယ်။ ဒီလိုလျော့နည်းခြင်းဟာ ဦးနှောက်ရဲ့လုပ်ဆောင်ချက်တွေကို နှောင့်နှေးစေတဲ့အပြင်ကိုမှ သွေးလည်ပတ်မှုကိုလည်း ကမောက်ကမဖြစ်စေပါတယ်။ ဒါကြောင့် ဒီဓာတ်တွေပါဝင်နေတဲ့ မုန်လာဥနီကိုကတော့ မဖြစ်မနေစားသုံးပေးသင့်ပါတယ်။

    (၂) ဟင်းနုနွယ်

    ဟင်းနုနွယ်ရွက်မှာ ပါဝင်တဲ့ B9 ဓာတ်ဟာ နီကိုတင်းအရသာကို ဦးနှောက်က မကြိုက်အောင် စွမ်းဆောင်ပေးနိုင်ပါတယ်။ ဒီတော့ ဆေးလိပ်ကိုလည်း အသောက်နည်းစေတာပေါ့။

    basil leaves and avocado on sliced bread on white ceramic plate
    Photo by Lisa Fotios on Pexels.com

    (၃) Broccoli

    ဗီတာမင် C နဲ့ B5 ဓာတ်တို့ ပြည့်ဝစွာ ပါဝင်ပြီးတော့ နီကိုတင်းဓာတ်မှ အဆုတ်ကိုဒိုင်းတစ်ခုသဖွယ် ကာကွယ်ပေးပါတယ်။ နောက် B5 ဓာတ်ဟာ ဆေးလိပ်သောက်ချင်စိတ်ကို ဖြစ်ပေါ်စေတဲ့ စိတ်ဖိစီးမှုကိုလည်း လျော့နည်းစေနိုင်ပါတယ်။

    (၄) လိမ္မော်သီး

    ဗီတာမင် C ဓာတ်ပေါကြွယ်ဝတဲ့ လိမ္မော်သီးကိုလည်း နေ့စဉ်စားသုံးပေးနိုင်ပါတယ်။

    close up of fruits in bowl
    Photo by Pixabay on Pexels.com

    (၅) ဂျင်း

    ဂျင်းကို အစိမ်းလိုက်စားသုံးခြင်းဟာ နီကိုတင်းတောင့်တမှုကို လျော့နည်းစေပါတယ်။ အရင်ကတည်းက ခန္ဓာကိုယ်တွင်းမှာရှိနေတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်တဲ့ အာနိသင်လည်း ဂျင်းထဲမှာရှိနေတော့ ဆေးလိပ်သမားတွေနဲ့ အသင့်လျော်ဆုံးပါပဲ။

  • ဟိုတယ်ထဲကလူသတ်မှုအကြောင်းကို ဖော်ထုတ်ရမယ့် “My Secret Hotel”

    ဟိုတယ်ထဲကလူသတ်မှုအကြောင်းကို ဖော်ထုတ်ရမယ့် “My Secret Hotel”

    လျှို့ဝှက်ဧည့်ဂေဟာ (My Secret Hotel) ကိုးရီးယားဇာတ်လမ်းတွဲဟာ 2014 ခုနှစ်ကထွက်ရှိခဲ့တဲ့ လျှို့ဝှက်ဆန်းကြယ် ဟာသအချစ်ဇာတ်လမ်းတွဲဟောင်းလေး တစ်ခုပဲ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲလေးမှာတော့ မင်းသမီး Yoo In-na, Lee Young-eun, မင်းသား Jin Yi-han, နဲ့ Namkoong Min တို့က အဓိက ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။

    Instagram

    ဇာတ်လမ်းပုံစံက Nam Sang-hyo (Yoo In-na) ဟာ ကိုးရီးယားနိုင်ငံရဲ့ ထိပ်တန်းဇိမ်ခံဟိုတယ်တစ်ခုဖြစ်တဲ့ Secret Hotel ရဲ့ မင်္ဂလာပွဲစီစဉ်ဌာနရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်ပြီး နိုင်ငံရဲ့ ထိပ်တန်းမင်္ဂလာပွဲတွေကို စီစဉ်ပေးရသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ အကောင်းမြင်စိတ်ရှိပြီး ပျော်ရွှင်စွာနေတတ်တဲ့ သူမဟာ အလုပ်ကိုကြိုးကြိုးစားစား လုပ်ကိုင်သူတစ်ယောက်ဖြစ်သလို သူမရဲ့အိပ်မက်ကတော့ တစ်နေ့မှာ ဒီဟိုတယ်ရဲ့အထွေထွေ မန်နေဂျာဖြစ်လာဖို့ပဲ ဖြစ်ပါတယ်။

    Sang-hyo တာဝန်ယူစီစဉ်ပေးရမယ့် နောက်ထပ်ဖောက်သည်ဟာ သူမရဲ့ခင်ပွန်းဟောင်း ဗိသုကာပညာရှင် Gu Hae-young (Jin Yi-han) ဖြစ်လာတဲ့အခါမှာတော့ ဒါဟာ သူမအလုပ်အတွက် ကြီးမားတဲ့စိန်ခေါ်မှု ဖြစ်လာခဲ့ပါတယ်။ လွန်ခဲ့တဲ့ခုနစ်နှစ်တုန်းက Sang-hyo နဲ့ Hae-young တို့ဟာ တစ်ယောက်နဲ့တစ်ယောက် ရူးရူးမူးမူးချစ်ခဲ့ကြပြီး Las Vegas တွင် လက်ထပ်ခဲ့ကြပါတယ်။ ဒါပေမယ့် အဲဒီနောက်မှာတော့ သူတို့ကြားပြဿနာလေးတွေ ဖြစ်ပေါ်ခဲ့ပြီးနောက် လမ်းခွဲပြတ်စဲခြင်းသို့ ရောက်ခဲ့ကြတာပါ။

    သူတို့ရဲ့အိမ်ထောင်ရေးဟာ ရက်ပေါင်း 100 သာ ကြာမြင့်ခဲ့ပြီး လက်ထပ်ခြင်းနဲ့ပတ်သက်ပြီး လက်ထပ်မှတ်ပုံတင်ခြင်းတွေလည်း မပြုလုပ်ရသေးတာကြောင့် သူတို့ရဲ့လက်ထပ်ခြင်းဟာ လျှို့ဝှက်ချက်တစ်ခုအဖြစ် ရှိနေခဲ့ပါတယ်။

    Instagram

    တစ်ချိန်တည်းမှာပဲ Sang-hyo ဟာ စည်းကမ်းတင်းကျပ်ပေမယ့် သူတစ်ပါးကို စဉ်းစားပေးတတ်တဲ့ ဟိုတယ်ရဲ့ မန်နေဂျင်းဒါရိုက်တာ Jo Sung-gyeom (Namkoong Min) ကို သဘောကျနေခဲ့တာပါ။ ဒါပေမယ့် အကြံကြီးတဲ့ ပြည်သူ့ဆက်ဆံရေး မန်နေဂျာ Yeo Eun-joo (Lee Young-eun) ဟာလည်း Sung-gyeom ရဲ့နှလုံးသားကို အပိုင်ရနိုင်ဖို့အတွက်ရော ရာထူးတိုးဖို့အတွက်ပါ Sang-hyo ရဲ့ပြိုင်ဘက်တစ်ဦး ဖြစ်နေခဲ့တာပါ။

    အဲဒီနောက် လူသတ်မှုတစ်ခုက ကိစ္စတွေကိုပိုမိုရှုပ်ထွေးသွားစေကာ ဟိုတယ်ကိုဗြောင်းဆန်စေခဲ့ပါတယ်။ လျှို့ဝှက်စွာဖြစ်ပေါ်လာတဲ့ လူသတ်မှုရဲ့နောက်ကွယ်မှာ ဘယ်လိုအကြောင်းအရာတွေ ရှိနေပြီး လူသတ်သမားကို ဘယ်လိုရှာဖွေကြမလဲ။ သူတို့ရဲ့ရှုပ်ထွေးတဲ့ဆက်ဆံရေးကရော ဘယ်လိုမျိုးအဆုံးသတ်သွားမလဲဆိုတာကို ကြည့်ရှုရမယ့် ဇာတ်လမ်းတွဲကောင်းလေးတစ်ခုပဲ ဖြစ်ပါတယ်။ လျှို့ဝှက်ဧည့်ဂေဟာ (My Secret Hotel) ဇာတ်လမ်းတွဲကို https://www.viu.com/ott/mm/mya/all/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။