ဇိမ်ကျကျနဲ့ အိမ်သာတက်ရတဲ့အချိန်က ကမ္ဘာပေါ်မှာ စိတ်အေးသက်သာရာ အရှိဆုံးခံစားမှုကို ပေးစွမ်းတယ်ဆိုတာ အားလုံးလည်း လက်ခံကြမှာပါ။ ထိုင်နေရုံနဲ့ ပြီးတဲ့ကိစ္စမှာ တခြားဘာမှလုပ်စရာမရှိတော့ ပျင်းလာတာပေါ့။ ဒီတော့ တချို့က သတင်းစာလေး၊ ဘာလေးဖတ်ရင်း တချို့ကတော့ ဖုန်းလေးပွတ်ရင်း၊ တချို့ဆို ဆေးလိပ်လေးဖွာ စဉ်းစားရင်းနဲ့ ကိုယ်ပိုင်အချိန်ကို အပြည့်အဝ ယူတတ်ကြပါတယ်။

အချိန်ယူတာ ကိစ္စမရှိပေမယ့်၊ သင့်ကျန်းမာရေးနဲ့ ပတ်သက်ရင်တော့ ကိစ္စအကြီးကြီး ရှိလာနိုင်တယ်။ အခုနောက်ပိုင်းဆို ဖုန်းဂိမ်း အမိုက်စားတွေ အများကြီး ထွက်လာသလို လူတွေရဲ့ စိတ်အာရုံကို ဘယ်လောက်တောင် ဖမ်းစားနိုင်လဲဆိုရင် အိမ်သာတက်တဲ့ အချိန်နဲ့ ဂိမ်းဆော့တဲ့အချိန် အတူတူ ဖြစ်လာတဲ့အထိပါ။ ပြောကြတာတော့ ဆော့လို့ အင်မတန် အဆင်ပြေတယ်လို့လည်း သိရပါတယ်။
ဒီလိုမျိုး ဂိမ်းအဆော့ကောင်းလို့ တရုတ်နိုင်ငံ Guangdong မြို့မှာ အမျိုးသားတစ်ယောက် အကြီးအကျယ် ဒုက္ခရောက်ခဲ့ပါတယ်။ သူဟာ ဒီကိစ္စနဲ့ ပတ်သက်ရင် သိပ်ကို ရှက်ရွံ့နေတာကြောင့် နာမည်ကိုတော့ မဖော်ပြပေးခဲ့ကြပါဘူး။
ဖြစ်ပုံက အလုပ်ကနေပြန်ရောက်ရောက်ချင်းတိုင်း ဒီအမည်မဖော်လိုသူ အမျိုးသားဟာ သူ့ရဲ့ တစ်နေ့တာ ဂိမ်းတာဝန်တွေကို အိမ်သာတက်ရင်း ထမ်းဆောင်ပါတယ်။ အာရုံကလည်း ဂိမ်းထဲမှာဆိုတော့ ဝမ်းသွားနေစဉ်မှာလည်း စအိုကို မသိလိုက်ဘဲ ဆတ်ခနဲ ဆတ်ခနဲ ကျုံ့ကျုံ့နေခဲ့မိတယ်။ ခဏလည်းနေရော ထူးဆန်းတဲ့ အတုံးလိုအရာတစ်ခုက ပြူထွက်လာပြီး ထိုအရာရဲ့ ခေါင်းလို အစိတ်အပိုင်းဟာ အကျည်းတန်ဖွယ် စအိုဝမှာ ထွက်ပေါ်လာခဲ့တယ်။
ဒါမျိုး နောက်ဘယ်တော့မှ မလုပ်တော့ဘူးဆိုပြီး အသိတရားဝင်ရုံမက ဆေးရုံကို ပြေးတာအကောင်းဆုံးပဲဆိုတဲ့ ဆုံးဖြတ်ချက်ပါ တစ်ခါတည်းချလိုက်တယ်။ ထွက်လာတဲ့ အတုံးလိုအရာဟာ စအိုလမ်းကြောင်းဖြစ်ပြီး သူဟာ စအိုကျွံတဲ့ ဝေဒနာကို ခံစားခဲ့ရပါတယ်။

နောက်ဆုံး ခွဲစိတ်အထူးကုတွေနဲ့ ဖယ်ရှားခဲ့ပြီး အဲဒီအမျိုးသားလည်း အခုဆို သက်သာနေပြီလို့ သိရပါတယ်။
ခွဲစိတ်အထူးကု Dr Su က “လိုအပ်တာထက် ပိုထိုင်မိတဲ့အခါမှာ စအိုကို ပိုပြီး ဖိအားပေးသလိုဖြစ်ပြီး အလားတူ ရောဂါလက္ခဏာတွေ ကြုံတွေ့ ခံစားရမယ်” လို့ သတိပေးခဲ့ပါတယ်။
ကျန်းမာရေးအတွက် ထိုင်သင့်တဲ့ ပုံစံလေးတွေလည်းရှိပါသေးတယ်။ အရေးမပါဘူးလို့ မထင်ပါနဲ့… သင့်ရဲ့ ကျန်းမာခြင်း၊ မကျန်းမာခြင်းကို မှန်ကန်တဲ့ ပုံစံတွေကပဲ ဆုံးဖြတ်ပေးတာပါ။