အလုပ်ရှိတဲ့ လူတစ်ယောက်ရဲ့ နေ့စဉ်ဘဝဟာ ကိုယ်အလုပ်လုပ်ရာ လုပ်ငန်းခွင်ပါပဲ။ ဘာကြောင့်လဲဆိုတော့ အလုပ်လုပ်နေတဲ့ ဝန်ထမ်းတွေဟာ သူတို့နေ့စဉ်ဘဝရဲ့ လေးပုံ သုံးပုံကို လုပ်ငန်းထဲမှာပဲ အချိန်ကုန်နေရတာကြောင့် ဖြစ်ပါတယ်။ ဒီလိုမျိုး လုပ်ငန်းခွင်နဲ့ နေ့စဉ်ထိတွေ့ဆက်ဆံနေတဲ့ လူတစ်ယောက်ရဲ့ စိတ်ဓာတ်တွေ၊ အပြုအမူအပြောအဆိုပုံစံတွေဟာ တော်တော်လေးကို အရေးကြီးပါတယ်။ တချို့လူတွေကတော့ ကိုယ်ပြုမူပြောဆိုနေကျ ပုံစံတွေ၊ အိမ်မှာနေတဲ့ ပုံစံတွေအတိုင်း ရုံးမှာ ပြုမူနေထိုင်ကြပါတယ်။ အဲဒီလိုနေတာဟာ ရေရှည်မှာ လုံးဝအဆင်ပြေမှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် ဒီနေ့မှာတော့ လုပ်ငန်းခွင်ထဲမှာ သင့်ကို အခက်တွေ့ပြီး ဒုက္ခရောက်စေနိုင်တဲ့ အမူအကျင့်ပုံစံ (၅) မျိုးကို ပြောပြပေးချင်ပါတယ်။

၁။ အရာရာကို အဆိုးမြင်နေခြင်း
အဆိုးမြင်ဝါဒီသမားတစ်ယောက်ဟာ လုပ်ငန်းခွင်ထဲမှာ ရေရှည်ရပ်တည်ဖို့ မလွယ်ကူပါဘူး။ အရာရာကို အဆိုးမြင်စိတ်ရှိတဲ့ လူတွေဟာ တခြားလူက ကောင်းတာဘယ်လောက်ပဲ လုပ်နေပါစေ၊ အမြဲတစေ အဆိုးမြင်တတ်နေတာ တော်တော်လေးကို အဆင်မပြေပါဘူး။ သာမန်ဝန်ထမ်းတစ်ယောက်အတွက် အဆိုးမြင်ဝါဒီရှိတာ မသိသာပေမယ့် အထက်လူကြီးတစ်ယောက် အဆိုးမြင်ဝါဒီရှိသွားရင်တော့ တော်တော်လေးကို သိသာလွန်းပါတယ်။
၂။ လိုတာထက်ပိုပြီး ခံစားနေတတ်ခြင်း
လုပ်ငန်းခွင်ထဲမှာ အလုပ်လုပ်နေတဲ့ လူတစ်ယောက်ဟာ ကိုယ့်ရဲ့ အထက်လူကြီးက ဆူလိုက်တဲ့ စကားတွေ၊ ဘဝတူဝန်ထမ်းတွေကြားမှာဖြစ်လေ့ဖြစ်ထရှိတဲ့ ပြဿနာတွေအပေါ် ခံစားချက် ထားနေလို့ အဆင်မပြေပါဘူး။ လုပ်ငန်းခွင်ထဲက လူတွေရဲ့ စကားဟာ အရေးပါသင့်သလောက်ပါပေမယ့် အရာအားလုံးကို လိုက်ခံစားနေဖို့တော့ မလိုအပ်ပါဘူး။

၃။ အများနဲ့ လိုက်လျောညီထွေစွာ မနေထိုင်တတ်ခြင်း
အလုပ်လုပ်နေတဲ့ လူတစ်ယောက်အတွက် teamwork ဆိုတာ အရမ်းအရေးကြီးပါတယ်။ ကိစ္စတော်တော်များများကို တစ်ယောက်တည်း လုပ်နေတာထက် အဖွဲ့အစည်းနဲ့လုပ်ကိုင်မှ ပိုအောင်မြင်မှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် အလုပ်လုပ်နေတဲ့ ဘယ်သူမဆို အများနဲ့ လိုက်လျောညီထွေစွာ ပေါင်းသင်းဆက်ဆံနိုင်ဖို့ အရမ်းအရေးကြီးပါတယ်။
၄။ ကိုယ်မှန်မှန်၊ ကိုယ်မှားမှား အမြဲလိုလို တောင်းပန်နေတတ်ခြင်း
လုပ်ငန်းထဲမှာ အမှားတစ်ခုလုပ်မိလို့ တောင်းပန်တယ်ဆိုတာ သဘာဝကျပါတယ်။ ဒါပေမယ့် ကိုယ်မှန်မှန်မှားမှား အမြဲလိုလို တောင်းပန်နေတာကြီးကတော့ လုံးဝသဘာဝမကျပါဘူး။ ကိုယ်မှန်တဲ့အခါမှာလည်း ပြောရဲရမယ့် သတ္တိဆိုတာ ဝန်ထမ်းတိုင်းမှာ ရှိသင့်ပါတယ်။ တချို့ကိစ္စတွေက တောင်းပန်လိုက်မှ ပိုဆိုးသွားတဲ့ ကိစ္စတွေလည်း ရှိတတ်ပါတယ်။

၅။ အပြောင်းအလဲလုပ်ရမှာကို မနှစ်သက်ခြင်း
ကိုယ့်ရဲ့အထက်လူကြီးက ကိုယ့်ကို အဲဒီလိုမလုပ်ဖို့၊ ကိုယ့်ကိုယ်ကို ပြောင်းလဲပစ်ဖို့ ပြောတဲ့အခါမျိုးတွေမှာ သူပြောတဲ့အတိုင်း ပြောင်းလဲလိုက်ပါ။ မပြောင်းလဲဘဲနဲ့ ဒီအတိုင်းဆက်သွားနေရင်တော့ ရေရှည်အဲဒီအလုပ်မှာ ဆက်လုပ်ကိုင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါ့ကြောင့် တစ်ခုခုဆိုရင် ကိုယ့်ကိုယ်ကို ပြောင်းလဲနိုင်အောင် ကြိုးစားတာ အကောင်းဆုံးပါပဲ။