ရည်းစားအများကြီးထားတယ်ဆိုတာ အဝတ်အစားဝယ်ဖို့ shopping ထွက်ရတာနဲ့တူပါတယ်။ ရွေးစရာတွေ အများကြီးထဲကမှ ကိုယ်နဲ့ အသင့်တော်ဆုံး၊ ကိုယ်နဲ့ အလိုက်ဖက်ဆုံးကို ရွေးချယ်ရတာပါ။ ဒါကြောင့်ရည်းစား အများကြီးထားသင့်တဲ့ အကြောင်းရင်းလေးတွေကို ဖော်ပြလိုက်ပါတယ်။
(၁) တစ်ခါပဲ လူဖြစ်ခွင့်ရတာ
လူဖြစ်လာပြီးနောက် အသက်ရှင်ရတာ ခဏလေးပါ။ ဒါကြောင့် တစ်ယောက်တည်းကိုပဲ စွဲစွဲလမ်းလမ်း ရူးရူးမူးမူးကြီး ချစ်နေစရာမလိုပါဘူး။ အကောင်းဆုံးသူနဲ့ တွေ့ဆုံရဖို့ကိုလည်း စောင့်မနေသင့်ပါဘူး။ ကိုယ့်ကိုလာချစ်တဲ့သူရှိရင် တွဲလိုက်ပါ။ ဒီလိုနဲ့ပဲ သင့်အတွက် အကောင်းဆုံးသူနဲ့ ဆုံတွေ့လာမှာပါ။
(၂) အပြိုင်အဆိုင်ရှိသင့်တယ်

သင်ဟာ တစ်ယောက်တည်းကိုပဲ အကြာကြီး တွဲမယ်ဆိုရင် သူ့မှာ ပြိုင်ဘက်မရှိတဲ့အတွက် သူ့ရဲ့ အားနည်းချက် အားသာချက်တွေကို ကောင်းကောင်းသိရမှာ မဟုတ်ပါဘူး။ ယူပြီးမှ နောင်တတွေရနေတတ်ပါတယ်။ ဈေးဝယ်တဲ့အခါ ရွေးချယ်စရာ အပြိုင်အဆိုင်တွေထဲကမှ ကိုယ်နဲ့အသင့်တော်ဆုံးကို ရွေးချယ်လိုက်သလိုပဲ ရည်းစားအများကြီးထဲကမှ ကိုယ်နဲ့ အသင့်တော်ဆုံး အဆင်ပြေဆုံးသူကို ရွေးချယ်တာ အကောင်းဆုံးပါပဲ။
(၃) တစ်ယောက်တည်းကိုပဲတွယ်ကပ်နေရင် နောက်မှ နောင်တရမယ်
သင့်ရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေ၊ ငယ်ရွယ်နုပျိုတဲ့ အချိန်တွေမှာ တစ်ယောက်တည်းကိုပဲ တွယ်ကပ်ပြီး ချစ်နေခဲ့မယ်ဆိုရင်၊ အကြောင်းအမျိုးမျိုးကြောင့် သင်တို့ ကွဲကြတဲ့အခါ သင့်ရဲ့ အချိန်တွေအားလုံး ဘာနဲ့မှ အစားပြန်ရနိုင်မှာ မဟုတ်ပါဘူး။ ဒီအချိန်အထိငါဘာတွေလုပ်နေခဲ့တာလဲ ဆိုပြီး နောင်တတွေရနေမှာပါ။
(၄) ငယ်သေးတယ်

တကယ်လို့သင်ဟာ ငယ်လွန်းသေးတယ်ဆိုရင် ရည်းစား အများကြီးထားလိုက်ပါဦး။ ဘာဖြစ်လို့လဲဆိုရင် လူတွေအကြောင်းကို ပိုနားလည်လာမယ့်အပြင် သင့်ကိုယ်သင်လည်း ပိုပြီးနားလည်သွားပါလိမ့်မယ်။ သင်ဘယ်လိုလူမျိုးကိုကြိုက်တယ်၊ ဘယ်လိုအကျင့်မျိုးကို မကြိုက်ဘူးဆိုတာတွေကို ပိုသိရှိသွားပြီး အတွေ့အကြုံကောင်းတွေ အများကြီး ရလာမှာဖြစ်ပါတယ်။
(၅) အတည်ချစ်ရမယ့်သူမတွေ့သေးဘူး
သင့်နှလုံးသားက တစ်ယောက်ယောက်ကို လေးလေးနက်နက်ချစ်ဖို့ မတွေ့သေးဘူး ဆိုရင်တော့ ရည်းစားတွေ ထားကြည့်လိုက်ပါဦး။ ရည်းစားအများကြီး ထားကြည့်ပြီးမှ သင်တကယ်ချစ်တဲ့သူကိုတွေ့လာမှာပါ။ တကယ်လို့ အဲဒီလူက သင့်ရဲ့ အတိတ်က ရှုပ်ပွေခဲ့တာတွေကို လက်မခံနိုင်ဘူးဆိုရင်လည်း သူဟာသင့်ရဲ့ ဖူးစာမဟုတ်လို့ပါ။
မှတ်ချက်။ ။ ရည်းစားအများကြီးထားတာ ကိစ္စမရှိပေမယ့် ဆင်ခြင်တုံတရားလက်ကိုင်ထားပြီး အနေအထိုင်၊ အသွားအလာ၊ အပြောအဆို တွေကို လူပြောမခံရအောင်၊ လူအမြင်ကတ်စရာ မဖြစ်အောင် ဂရုစိုက်တတ်ဖို့လိုပါတယ်။ အရာရာကို ဉာဏ်နဲ့ ချင့်ချိန်ပြီး လုပ်ဆောင်တတ်ဖို့ကလည်း မိန်းကလေးတစ်ယောက်မှာရှိသင့်တဲ့ အရည်အသွေးတစ်ခုဖြစ်တယ် ဆိုတာလေးကို အထူးသတိပြုစေချင်ပါတယ်။
Em Em (shwemom)