
ဗီတာမင်တွေနဲ့ သတ္တုဓာတ်တွေဟာ micronutrients တွေဖြစ်ပြီး ၎င်းတို့ဟာ ခန္ဓာကိုယ်ရဲ့ နေ့စဉ်လှုပ်ရှားမှုတွေအတွက် အရေးပါပါတယ်။ လေ့လာချက်တွေအရ အမျိုးသမီးတွေဟာ ကိုယ်ဝန်ဆောင်စဉ်မှာနဲ့ ကလေးနို့တိုက်စဉ်မှာ အမျိုးသားတွေထက်ပိုပြီး အာဟာရချို့တဲ့နိုင်ခြေပိုများကြောင်း သိရပါတယ်။ အောက်ဘက်မှာတော့ insider သတင်းကတစ်ဆင့် အမျိုးသမီးတွေအတွက် လိုအပ်တဲ့ အကောင်းဆုံးဗီတာမင်အမျိုးအစားတွေကို ဖော်ပြပေးလိုက်ပါတယ်။

Vitamin B6 – ကိုယ်ဝန်ဆောင်စဉ် မူးဝေအော့အန်တာကို ကူညီပေးပါတယ်။
Vitamin B9 – ဖောလစ်အက်ဆစ်လို့လည်း သိကြပါတယ်။ မီးဖွားတဲ့အခါ ကလေးတွေမှာ ချို့ယွင်းချက်မရှိအောင် ကာကွယ်ပေးပါတယ်။
Vitamin B12 – အာရုံကြောစနစ်အတွက် အရေးကြီးတဲ့ဗီတာမင်ဖြစ်ပါတယ်။ သွေးနီဥဆဲလ်တွေကိုထုတ်လုပ်ပေးပါတယ်။
Vitamin D – အရိုးကျန်းမာရေးအတွက် အရေးကြီးပါတယ်။ ခန္ဓာကိုယ်က ကယ်လ်ဆီယမ်ကို စုပ်ယူနိုင်အောင် ကူညီပေးပါတယ်။ ဗီတာမင်ဒီကို နေရောင်ကလည်းရနိုင်ပေမယ့် နေရောင်အလွန်အကျွံခံရင်တော့ အရေပြားကင်ဆာဖြစ်နိုင်ပါတယ်။
Calcium – အရိုးတွေသွားတွေအပြင် ကယ်လ်ဆီယမ်ဟာ ကြွက်သား၊ အာရုံကြောနဲ့ နှလုံးလုပ်ငန်းဆောင်တာတွေအတွက်လည်း အရေးပါပါတယ်။
Iron – အောက်ဆီဂျင်ကို သယ်ယူပို့ဆောင်ရာမှာ အကူအညီပေးတဲ့ သွေးနီဥတွေဖန်တီးဖို့ အဓိကလုပ်ဆောင်ပါတယ်။ အမျိုးသမီးတွေအနေနဲ့ ရာသီသွေးဆင်းတဲ့အချိန်တွေရှိတဲ့အတွက် သွေးဆုံးရှုံးမှုဖြစ်ပေါ်ပြီး သံဓာတ်အားနည်းနိုင်ခြေ အလားအလာများပါတယ်။
အမျိုးသမီးတွေအနေနဲ့ အသက် ၂၀ အရွယ်မှာတော့ အနာဂတ်မှာ အရိုးပါးရောဂါကိုကာကွယ်နိုင်ဖို့ ကယ်လ်ဆီယမ်နဲ့ ဗီတာမင်ဒီက အရေးကြီးဆုံးဖြစ်ပါတယ်။ အသက် ၃၀ နဲ့ ၄၀ ဝန်းကျင်မှာတော့ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေများများမစားနိုင်ဘူးဆိုရင် multivitamin အားဆေးတွေ မှီဝဲသင့်ပါတယ်။
အသက် ၅၀ နဲ့ အထက်မှာတော့ သွေးဆုံးချိန်ရောက်ပြီဖြစ်တဲ့အတွက် အာဟာရဓာတ်တွေပိုမိုလိုအပ်လာပါတယ်။ ကယ်လ်ဆီယမ်လိုအပ်ချက်က တစ်နေ့ကို ၁၂၀၀ မီလီဂရမ်၊ ဗီတာမင်ဒီလိုအပ်ချက်က ၈၀၀-၁၀၀၀ IU လိုအပ်လာပါတယ်။ ဒါ့အပြင် Vitamin B12 ကိုပါ မှီဝဲဖို့လိုဦးမှာလည်းဖြစ်ပါတယ်။